ပြည် ဇူလိုင် ၁
ပြည်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် အခြေခံပညာကျောင်းများကို အခြေခံ၍ ကျင်းပသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်” ကို ယနေ့ နေ့လယ် (၂) နာရီက ပြည်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” မုခ်ဦးဖွင့်ပွဲ အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပြည်မြို့၊ အ.ထ.က (၃) မှ ကျောင်းသား/သူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် အခမ်းအနား စတင်ဖွင့်လှစ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို ကျောင်းသား/ လူငယ်များ နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန် မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာ၊ အတွေးအခေါ် မြင့်မားရေး ဗဟုသုတပြည့်စုံကြွယ်ဝရေးတို့အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန်ဟူသော ရည်ရွယ်ချက်များနဲ့ ကျင်းပဆောင်ရွက်တာဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို မြို့နယ်(၁၄)ခုမှာ (၁၄)ကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ ယနေ့ကျင်းပတဲ့ပွဲဟာ အခြေခံပညာ သင်ကြားနေတဲ့ မောင်တို့မယ်တို့အတွက် အသုံးဝင်ထိရောက်မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ စာကြည့် တိုက်များ ပူးပေါင်းဆောင်ရွက်မှုကော်မတီနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပပေးတဲ့ ပွဲလဲဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အစပျိုးပေါင်းသင် ရေလောင်းပေးခြင်းလဲဖြစ်ကြောင်း၊ ပညာဆိုတာ ခွဲခြားသိမြင်နိုင်သော အသိဉာဏ်လို့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားကြောင်း၊ ပညာဆိုတဲ့ ဝေါဟာရကို အတတ်ပညာ၊ အသိပညာဆိုပြီး ထပ်မံခွဲခြားနိုင်ကြောင်း၊ ပညာတတ်ရင် ဆင်ခြင်တုံတရားရှိကြောင်း၊ အကောင်းအဆိုးခွဲခြား သိမြင်နိုင်ကြောင်း၊ ဖြစ်ပျက်နေတဲ့ အကြောင်းတရားအပေါ် ကိုယ်ပိုင် အသိဉာဏ်နဲ့ ဆုံးဖြတ်နိုင်ကြောင်း၊ ပြဿနာတစ်ရပ်ဖြစ်လာရင် အကြောင်းရင်း အမှန်ကို သိမြင်နိုင်ကြောင်း၊ ပညာမဲ့ရင်တော့ အမှန်တရားကို စဉ်းစားချင့်ချိန်နိုင်စွမ်း နည်းတယ်။ သူတပါးရဲ့ အပြစ်ကိုဘဲ မြင်နိုင်ကြောင်း၊ ထို့ကြောင့် စာပေဖတ်ရှုခြင်းရဲ့ အကျိုးကတော့ ကောင်းကျိုးတွေ အများဆုံးရနိုင်ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဟောပြောဆွေးနွေးသည့် စာပေပညာရှင်များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ခဲ့ကြပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲဝင် ကျောင်းသူများက သရုပ်ပြသတင်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်က ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် ကျောင်းသား/သူများ၏ ပြိုင်ပွဲဝင်နေမှု၊ ဂိမ်းကစားမှုအပြင် စိတ်ဝင်စားဖွယ်ရာ ပြပွဲ၊ ပြခန်းများဖြစ်သည့် စာကြည့်တိုက် ဖောင်ဒေးရှင်းပြခန်း၊ ကလေးစာဖတ်ခန်း၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ၊ ရောင်စုံဓာတ်ပုံပြပွဲ၊ ပြည်တက္ကသိုလ်ပြခန်း၊ ရှေးဟောင်းသုတေသနပြခန်း၊ ကွန်ပျူတာ တက္ကသိုလ်ပြခန်းနှင့် စာအုပ်ဈေးရောင်း ပွဲတော်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)