Skip to main content

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ်ဖလား မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော် ဇွန် ၃၀

၂၀၂၄ ခုနှစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဖလား (MRTV CUP) မိုးရာသီ အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဘောလုံးကွင်း၌ ကျင်းပသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်-တပ်ကုန်းမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ရုပ်မြင်သံကြားပတ်ဝန်းကျင်မှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြန်မာ့ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့်မိသားစုများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ မြန်မာ့ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်ဝန်ထမ်းများက တေးသီချင်းနှင့်ဖျော်ဖြေကြပြီး ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က ဒိုင်လူကြီးများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ထို့နောက် ရုပ်မြင်သံကြားဌာနခွဲအသင်းနှင့် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရုပ်မြင်သံကြားဌာနခွဲ အသင်းကလေးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရ ဗိုလ်စွဲခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို MRTV ရှိ ဌာနခွဲ အလိုက်အသင်း ခြောက်သင်းဖြင့် ဇွန် ၁၁ ရက်မှစတင်ပြီး အုပ်စုပတ်လည်အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူနှင့် တပ်ကုန်းမြို့နယ်မှဌာနဆိုင်ရာ တာဝန်ရှိသူများက ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသော တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC) အသင်း၊ စီမံဌာနခွဲအသင်းနှင့် အသံလွှင့်ဌာနခွဲအသင်းတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က ပထမဆုရရှိသည့် ရုပ်မြင်သံကြားဌာနခွဲအသင်းအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ဒိုင်လူကြီးများအား ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

 သတင်းစဉ်