နေပြည်တော် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား ယနေ့နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာ အနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီးသွား ပြည်သူအချို့ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မုံရွာ ပြေးဆွဲလျက်ရှိသည့် ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်၊ စိန်ဌေးလှိုင် ခရီးသည်တင်ယာဉ်၊ နယူးစွမ်း ခရီးသည်တင်ယာဉ်၊ FAMOUS ခရီးသည်တင်ယာဉ် ၃ စီး၊ ရွှေမန္တလာခရီးသည်တင်နှင့် ရွှေသလ္လာခရီးသည်တင်ယာဉ်၊ စုစုပေါင်းခရီးသည်တင်ယာဉ် ၈ စီးတို့သည် ရန်ကုန်မြို့မှထွက်ခွာခဲ့ကြပြီး ယနေ့နံနက် ၈ နာရီခွဲ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာ အနီးဖြတ်ကျော်စဉ်ကျေးရွာ၏ အရှေ့ဘက်ထိပ်အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး သံဃာတော်တစ်ပါးနှင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ မုံရွာမြို့နှင့် ချောင်းဦးမြို့မှလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးကိစ္စရပ်များနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အမြန်ဆုံးသွားရောက်ခဲ့ရာ ငါးယှန်ကျေးရွာ၏အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ မန္တလေး-မုံရွာ လမ်းမကြီးပေါ်၌ အသင့်စောင့်ဆိုင်းနေရာယူထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ခရီးသည်တင်ယာဉ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ပတ်ဝန်းကျင်နေရာ တစ်ဝိုက်အား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံးသွားရောက်၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုမရှိသေးသည့် လက်လုပ်မိုင်းမျိုးစုံ ၃၀ လုံးအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ခရီးသွားပြည်သူများအား မုံရွာမြို့၊ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဆေး ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
ဆေးရုံသို့ ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသွား ပြည်သူများအား စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအား ပေးစကားပြောကြား ခဲ့ပြီးလိုအပ်သည့် ဆေးကုသမှုများဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာခရီးသွားလာလျက်ရှိသည့် အများ ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကျေသည်အထိ စက်ဆုပ်ရွံရှာဖွယ် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့် CRPH ၊ NUG တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်း၊ ဆုတ်ခွာသွားသော အကြမ်းဖက်သမားများနောက်သို့ လိုက်လံချေမှုန်းခြင်းများ ဆောင် ရွက်လျက်ရှိကြောင်းနှင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်