Skip to main content

ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ သင်္ဘောသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

(၁၀-၉-၂၀၂၀ ရက်၊ နေပြည်တော်)

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၃) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် (၇) ကြိမ်မြောက် All Nippon Airways (ANA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

၂။ ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံ၌ သင်္ဘောဆင်း၍ JSM International Shipping Company Limited မှ စာချုပ်သက်တမ်း ကျော်လွန်ပြီး အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၄၀) ဦးတို့အား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် JSM International Shipping Company Limited တို့ ပူးပေါင်းစီစဉ်သည့်  မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး အထူး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ (၂၀:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

၃။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက် ပေးခဲ့ပါသည်။ 

၄။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေး လျက် ရှိပါသည်။

 

#Ministry of Foreign Affairs Myanmar