နေပြည်တော် ဇွန် ၂၉
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI (1 Star) Endurance Qualification Round (3) ခရီးရှည် မြင်းစီးအားကစား အရည် အချင်းစစ်ပြိုင်ပွဲနှင့် Endurance Steward သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစားကွင်း၌ ကျင်းပသည်။
အောင်မြင်မှုရရှိနိုင်
ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ခရီးရှည်မြင်းစီးအားကစားသည် မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် ကိုက်ညီ၍ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ပြီး အလားအလာရှိသည့်အတွက် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် အရည်အချင်းစစ်ပြိုင်ပွဲများကို အားသွန်ခွန်စိုက် ပြုလုပ်လာခဲ့သည်မှာ ယခုတတိယအကြိမ်ထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်၏ သတ်မှတ်ချက်ဖြစ်သည့် (1 Star)အဆင့်ကို ရရှိရန် အရည်အချင်းစစ်ပြိုင်ပွဲကို လေးကြိမ်ကျင်းပရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် သတ်မှတ်အကြိမ် ပြည့်မြောက်သည်အထိ အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်မိကြောင်း၊ ခရီးရှည်မြင်းစီးအားကစားနည်းသည် သဘာဝအတိုင်း ရှည်လျားသည့်ခရီးလမ်းကြောင်းသတ်မှတ်ကာ မြင်းကို စီးနင်းရခြင်းဖြစ်ပြီး မြင်းနှင့်အတူ မြင်းစီးအားကစားသမားပါ သက်လုံကောင်းမွန်မှု၊ ကျန်းမာသန်စွမ်းမှု၊ စိတ်ဓာတ်ခိုင်မာမှုများနှင့် ပြည့်စုံရမည်ဖြစ်ပြီး အထူးသဖြင့် မြင်း၏ ကြံ့ခိုင်မှုကို ဆေးပညာအရ စစ်ဆေးပြီး ထိန်းချုပ်ထားသည့်အတွက် နည်းပညာအရ ရှုပ်ထွေးနက်နဲပြီး အဆင့်မြင့်အားကစားနည်းတစ်ရပ်အဖြစ် သတ်မှတ်လက်ခံကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အတွေ့အကြုံများကို ကောင်းစွာအသုံးချပြီး မြင်းနှင့်လူ၏ ဘေးအန္တရာယ်ကို တွက်ဆ၍ စိတ်ချရမည့်နည်းလမ်းများဖြင့် ချင့်ချိန်လုပ်ဆောင်သွား ရန်နှင့် အနိုင်ရရန်အတွက် အဓိကမထားဘဲ စစ်ဆေးခြင်းအောင်မြင်မှုကိုသာ အာရုံစိုက်ယှဉ်ပြိုင်ပြီး သတိထားဆောင်ရွက်သွားရန်လိုကြောင်း။
သင်ကြားပို့ချပေးသွားမည်
ကမ္ဘာ့အဆင့်သတ်မှတ်ချက် FEI (1 Star) ရရှိရေး စည်းစနစ်တကျ လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် နိုင်ငံနှင့် လူမျိုးအတွက်သာမက အားကစားနည်းတစ်ခုအတွက်ပါ များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုပြိုင်ပွဲနှင့် Endurance အတွက် မြေပြင်တွင် ကြီးကြပ်ကွပ်ကဲရသည့် Steward များအတွက် သင်တန်းတွင် စာတွေ့၊ လက်တွေ့ပေါင်းစပ်ပြီး သင်ကြားပို့ချပေးသွားမည်ကို သိရှိရသည့်အတွက် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်နှင့် ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ မြင်းပိုင်ရှင်များနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြည့်မီသည့် မြင်းများနှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က FEI (1 Star) Endurance Qualification Round (3) ခရီးရှည် မြင်းစီးအားကစားအရည်အချင်းစစ်ပြိုင်ပွဲနှင့် Endurance Steward သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်မြင်းစီးအားကစားသမားများနှင့် မိတ်ဆက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်