နေပြည်တော် ဇွန် ၂၇
ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်ရုံးအထွေထွေအတွင်းရေးမှူးချုပ်၏ ဖိတ်ကြားချက်အရ ဇွန် ၂၄ ရက်မှ ၂၇ ရက် အထိ ထိုင်းနိုင်ငံအထက်လွှတ်တော်ရွေးချယ်ပွဲ (Thai Senate Selection) လေ့လာစောင့်ကြည့်ရေး အစီအစဉ်သို့သွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးနှင့် ဦးခင်မောင်ဦးတို့သည် ယနေ့ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
လေ့လာစောင့်ကြည့်ရေး ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၅ ရက်က Asawin Grand Convention Hotel ၌ ကျင်းပသော အထက်လွှတ်တော်ရွေးချယ်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ရွေးချယ်ပွဲဆိုင်ရာပြစ်မှုများ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ဇွန် ၂၆ ရက်တွင် IMPACT Forum Convention Centre ၌ကျင်းပသော နိုင်ငံအဆင့်အထက်လွှတ်တော် ကိုယ်စားလှယ်ရွေးချယ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လေ့လာစောင့်ကြည့်ခြင်းတို့ဆောင်ရွက်ကာ လေ့လာရေးခရီးစဉ်သို့ တက်ရောက်လာသည့် နိုင်ငံတကာရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများနှင့် အမြင်ချင်းဖလှယ်ခွင့်များရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်