နေပြည်တော် ဇွန် ၂၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၆ ရက်ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်ခရိုင်ရှိ ၁၃၂ ကေဗွီ ရေပေါင်းဆုံ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာဓာတ်အားခွဲရုံမှူးက ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ ဓာတ်အားစနစ်ဖြင့်ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်းစစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံဝင်းရှိ ဓာတ်အားလိုင်းနှင့် လွတ်ကင်းသည့်မြေလွတ်များတွင် သီးပင်စားပင်နှင့် နှစ်ရှည်ပင်များစိုက်ပျိုး ထားရှိရန်မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် ဆွိယာဒ် (Switch Yard) အတွင်းရှိ ဓာတ်အား ထိန်းချုပ်ပစ္စည်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင် အောင်ပန်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ပြည်သူများ၏ ဓာတ်အားသုံးစွဲမှု မှန်ကန်မှုရှိစေရေးနှင့် မီတာယူနစ်များ လိုဖတ်၊ ပိုဖတ်ခြင်းမရှိစေရေး သတ်မှတ်ကာလအတွင်း မီတာများ ပုံမှန်ဖတ်ရှုရန်နှင့် ဓာတ်အားခများ ပုံမှန်ကောက်ခံရရှိရေး အထူးအလေးထားဆောင်ရွက်ကြရန်၊ ဓာတ်အားခငွေများ အလွဲသုံးစားမှုမဖြစ်ပေါ်စေရေးနှင့် အပြည့်အဝကောက်ခံရရှိရေး ရပ်၊ ပျက်၊ နှေးမီတာများကို ပုံမှန်ကွင်းဆင်းစစ်ဆေး၍ အမြန်ဆုံးအစားထိုးလဲလှယ်တပ်ဆင်ပေးရန်၊ မိုးဦးကာလရောက်ရှိလာပြီဖြစ်၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ပုံမှန်ရှင်းလင်းခုတ်ထွင်သွားရန်နှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်တို့ကို မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်