Skip to main content

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများနှင့် မန္တလေး၊ ရန်ကုန်၊ တောင်ကြီးမြို့တို့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများဖျက်ဆီး

နေပြည်တော် ဇွန် ၂၆

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်ကျင်းပခဲ့ပြီး တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုမှ မြို့နယ် (၂၄) မြို့နယ်တို့၌ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများဖျက်ဆီးခြင်း အစီအစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တစ်ပြိုင်တည်းကျင်းပခဲ့ကြပြီး အထိမ်းအမှတ်နေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ်ပြိုင်ပွဲများအတွက် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။

ယနေ့ကျရောက်သည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို (၁၀) နာရီ (၃၀) မိနစ်အချိန်တွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းနှင့် ထီဖောင်းကျေးရွာအုပ်စုတို့တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းတို့ကိုပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုသင်တန်းကျောင်းတို့မှကိုယ်စားလှယ်များ၊ ကျောင်းသား/သူများ၊ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်များ၊ မြို့မိ/ မြို့ဖများ စုစုပေါင်းအင်အား (၁ဝ၅ဝ) ဦး တက်ရောက်ကြသည်။

အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၆၀၀ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၃၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၁ သန်းကျော်၊ အိုက်စ် ၄၇၇၁ ကီလိုကျော်၊ ကက်တမင်း ၇၆၄ ကီလိုကျော်၊ ဆေးခြောက် ၂၅၆ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၇ မျိုးနှင့် ဓာတုပစ္စည်း ၂၅ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၅၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၃၇.၀၁၃ သန်း) အား ဖျက်ဆီးခဲ့သည်။

ထို့အပြင် နံနက် (၈) အချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် ပြည်နယ်အဆင့် ဆုရရှိသူများ စုစုပေါင်း ၅ဝဝ ဦး တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၏သဝဏ်လွှာကို ပြည်နယ်မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် ပြည်နယ်အဆင့်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ လှိုင်သာယာ အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်း၌ နံနက် (၈) အချိန်တွင်ပြုလုပ်သည့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား ၅ဝဝ ဦး တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိသော ဘိန်း ၀.၂၆၂ ကီလိုကျော်၊ ဘိန်းဖြူ ၅၆ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သန်းကျော်၊ အိုက်စ် ၉၅၇၄ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ကက်တမင်း ၂၃၈၂ ကီလိုကျော်၊ ဆေးခြောက် ၅၄၁ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၁၁ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂၈၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၈၆.၈၉ သန်း) အား ဖျက်ဆီးခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို နံနက် (၁၀) နာရီ မိနစ် (၃၀) အချိန်တွင်ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်း မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ဆုရရှိသူများ စုစုပေါင်းအင်အား ၃၅၇ ဦး တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။

မန္တလေးမြို့တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်း၌ နံနက် (၈) နာရီ (၅၀) မိနစ် အချိန်တွင် ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ရဲအရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ရဲဆက်ဆံရေးအရာရှိကြီးနှင့်အဖွဲ့ဝင်များ၊ မန္တလေးမြို့အခြေစိုက် ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၈ဝ၅ ဦး တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခြင်း၊ စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ဗဟိုအဆင့်ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၇၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၁၀၈၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၅ သန်းကျော်၊ အိုက်စ် ၉၀၀၀ ကီလိုကျော်၊ ကက်တမင်း ၁၀၁၈ ကီလိုကျော်၊ ဆေးခြောက် ၄၅၈ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၁ မျိုးနှင့် ဓာတုပစ္စည်း ၂၀ မျိုးတို့၏ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၁၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၂၅.၅၄ သန်း) အား ဖျက်ဆီးခဲ့သည်။

ယခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ဓာတုပစ္စည်းများဖျက်ဆီးခြင်း အစီအစဉ်များကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့နှင့် တိုင်းဒေသကြီး/ပြည်နယ် (၆) ခုမှ မြို့နယ် (၂၄) မြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား ၃၂၁၂ ဦး တက်ရောက်ခဲ့ပြီး ဘိန်း ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၉ သန်းကျော်၊ အိုက်စ် ၂၃၃၉၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁၇၇၅ ကီလိုကျော်၊ ဆေးခြောက် ၁၂၅၇ ကီလိုကျော်၊ ကက်တမင်း ၄၁၆၅ ကီလိုကျော်နှင့် ဘိန်းညိုမှုန် ၁၂ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတု ပစ္စည်း ၇၇ မျိုး၊ စု စုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၉.၄၄၃ သန်း) တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။