Skip to main content

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) က အကောင်းဆုံးရလဒ်တွေ ထွက်ပေါ်မယ်လို့ မျှော်လင့်ပါတယ်။

ဒေါက်တာစိုးဝင်း

“လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကိုပိုမိုမြှင့်တင်ပေး” ဆိုသည့် ဦးတည်ချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) ကို ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပလျက်ရှိသည်။

ညီလာခံတွင် အရည်အသွေးပြည့်ဝသော ပညာတတ်များ မွေးထုတ်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော လူငယ်များပေါ်ထွက်လာစေရေး၊ ထုတ်လုပ်မှုကို အားပေးသော သက်မွေးပညာတိုးတက်ရေး၊ ဆရာ ဆရာမများ၏ အရည်အသွေးစဉ်ဆက်မပြတ်မြှင့်တင်ရေး စသည့် ခေါင်းစဉ်များအောက်တွင် စာတမ်း ၃၆ စောင် ဖတ်ကြားတင်သွင်းကြမည်ဖြစ်သည်။

အဆိုပါ စာတမ်းများကို အခြေပြု၍ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် ပညာတတ်များပေါ်ထွန်းလာပြီး ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်နိုင်ရေး ရေတိုရေရှည်လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြမည်ဖြစ်ရာ ညီလာခံသို့ တက်ရောက်လာသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

ဒေါက်တာစိုးဝင်း

အမြဲတမ်းအတွင်းဝန် ပညာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံမှာ လုပ်ငန်းကော်မတီအတွင်း ရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော လူငယ်များ မွေးထုတ်ပေးရန်ဆိုတဲ့အချက်က အခြေခံပညာနဲ့ သက်ဆိုင်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ပညာတတ်တွေ မွေးထုတ်ဖို့ဆိုတဲ့အချက်က အဆင့်မြင့်ပညာကဏ္ဍနဲ့ သက်ဆိုင်ပါတယ်။ ထုတ်လုပ်မှုကိုအားပေးတဲ့ သက်မွေးပညာဖွံ့ဖြိုးတိုးတက်ဖို့အချက်က သက်မွေးပညာကဏ္ဍနဲ့ သက်ဆိုင်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ဆရာ ဆရာမတွေ မွေးထုတ်ဖို့ဆိုတဲ့အချက်က ဆရာအတတ်ပညာကဏ္ဍနဲ့ သက်ဆိုင်ပါတယ်။ သုတေသနနဲ့ တီထွင်ဆန်းသစ်မှုဆိုတဲ့ကဏ္ဍက နှစ်တိုင်းထည့်သွင်းရတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ပညာရေးစနစ်ကို အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်တစ်ခုဖြစ်ဖို့ ပိုမိုအားကောင်းတဲ့ ကဏ္ဍတစ်ခုဖြစ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) မှာ ဝန်ကြီးဌာနပေါင်းစုံက ဖတ်ကြားမယ့် စာတမ်းတွေလည်း ပါဝင်တယ်။ ပညာရေးကို ဆောင်ရွက်နေတာ ပညာရေးဝန်ကြီးဌာန တစ်ခုတည်းလို့ မြင်လို့မရပါဘူး။ ဆက်စပ်ဝန်ကြီးဌာနတွေ အများကြီးရှိတဲ့အတွက် စာတမ်းတွေကလည်း နယ်ပယ်ပေါင်းစုံက ပါဝင်တယ်။ ဒီနေ့မှာဆိုရင် ၂၀၂၃ ခုနှစ် ညီလာခံက ရေတိုရေရှည်လုပ်ငန်းတွေရဲ့ ဆောင်ရွက်ပြီးနဲ့ ဆောင်ရွက်နေဆဲအခြေအနေတွေကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်တွေ ပေါက်မြောက်ဖို့ စာတမ်းတွေက အထောက်အပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်က ညီလာခံကျင်းပလိုက်တဲ့အတွက် ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်သင့်တယ်ဆိုတဲ့အချက်တွေ ထွက်ပေါ်လာပါတယ်။ ဒီနှစ်ညီလာခံမှာ အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ကောင်းဖြစ်ဖို့ဆိုတဲ့ အချက်တစ်ချက် ထူးထူးခြားခြားပါဝင်လာတယ်။ အကောင်းဆုံးရလဒ်တွေထွက်မယ်လို့ မျှော်လင့်ပါတယ်။

ဦးသက်လေးဦး

ဒုတိယညွှန်ကြားရေးမှူးချုပ်

ပညာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ပညာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ပညာရေးညီလာခံကို တက်ရောက်ဖြစ်တာ အခုနှစ်နဲ့ဆိုရင် နှစ်ကြိမ်ရှိပါပြီ။ ပညာရေးညီလာခံကျင်းပပေးတဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ပညာရေးမှာ လိုအပ်ချက်တွေ၊ ပြုပြင်သင့်တဲ့အချက်တွေ ဖော်ထုတ်နိုင်မယ်လို့ ထင်ပါတယ်။ ပညာရေးမှာ မိဘတွေ လိုလားတောင့်တနေတဲ့ အချက်အလက်တွေကို ဖော်ထုတ်ပြီး ပြုပြင်ပြောင်းလဲပေးနိုင်မယ်လို့ ထင်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပညာရေးညီလာခံက ဖော်ထုတ်ပေးခဲ့တဲ့ အချက်တွေအပေါ်မူတည်ပြီး ပြုပြင်ပြောင်းလဲခဲ့တာတွေရှိပါတယ်။ အောင်မြင်တယ်လို့ ပြောလို့ရပေမယ့် ဆက်လက်လုပ်ဆောင်ရမယ့် ကဏ္ဍတွေလည်းရှိပါတယ်။ အဲဒီကဏ္ဍတွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ကျင်းပတယ်လို့ ယုံကြည်ပါတယ်။ ဒီညီလာခံက မြန်မာနိုင်ငံအတွက် အရေးကြီးပြီး လုပ်ဆောင်သင့်တဲ့ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်တယ်လို့ ယူဆပါတယ်။ နိုင်ငံတော်အကြီးအကဲကလည်း ပညာရေးကို အထူးအားပေးနေတာကို ဒီညီလာခံကျင်းပပေးခြင်းအားဖြင့် သိသာပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး မိဘတွေရဲ့ အားမလို အားမရဖြစ်နေတဲ့ ကွက်လပ်တွေကို ဒီညီလာခံကနေ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်မယ်လို့ ယူဆပါတယ်။ ဒီညီလာခံက ဆွေးနွေးဆုံးဖြတ်ချက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ကဏ္ဍအလိုက် အကောင်အထည်ဖော်သွားနိုင်မယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ပညာရေးတစ်ခု အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ဒေါက်တာ အောင်ကျော်သူ

ပါမောက္ခ ဌာနမှူး ဆေးပညာဌာန

တောင်ကြီးဆေးတက္ကသိုလ်

အရည်အသွေးပြည့်ဝသော ပညာတတ်များ မွေးထုတ်ရေးခေါင်းစဉ်ကြီးအောက်မှာ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းဖြင့် အရည်အသွေးပြည့်ဝသော ပညာရှင်များ မွေးထုတ်ရေးဆိုတဲ့ စာတမ်းဖတ်ကြားမှာ ဖြစ်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ပညာရှင်ဆိုရာမှာ ပညာရပ်တွေကို တတ်ကျွမ်းရုံနဲ့မပြီး ဘဲ Good Human လို့ခေါ်တဲ့ လူသားကောင်းလည်း ဖြစ်ရမယ်။ Good Citizen လို့ခေါ်တဲ့ နိုင်ငံသားကောင်းလည်းဖြစ်ရမယ်။ ဒီလိုအချက်သုံးချက်နဲ့ ပြည့်စုံမှ အရည်အသွေးပြည့်ဝတဲ့ ပညာရှင်ဖြစ်တယ်။ လူသားကောင်း၊ နိုင်ငံ့သားကောင်းဖြစ်ဖို့၊ ကိုယ်ချင်းစာတရားနဲ့ အများအကျိုးသယ်ပိုးဆောင်ရွက်တတ်တဲ့ သူတွေဖြစ်ဖို့ သင်ကြားတဲ့အခါမှာ ထည့်သွင်းသင်ကြားနိုင်ဖို့ အလေးထားဆွေးနွေးသွားမှာဖြစ်ပါတယ်။ အရင်က စာဖတ်၊ စာရ၊ စာသိ၊ စာတတ်တာကို ဦးစားပေးခဲ့ကြတယ်။ တတ်မြောက်ဖို့ လိုတယ်လို့ ယူဆခဲ့ကြတယ်။ တကယ်တော့ စာသိ၊ စာတတ်ရုံနဲ့ မပြီးဘဲ သိရုံနဲ့မကဘူး။ နားလည်ရမယ်။ နားလည်ရုံနဲ့ မကဘူး။ လုပ်ဆောင်တတ်ရမယ်။ လုပ်ဆောင်တတ်ရုံနဲ့မကဘူး။ တကယ်လည်းလုပ်ဆောင်ရမယ်။ တစ်ယောက် တည်းကောင်းရုံနဲ့မပြီးဘဲ ကိုယ့်ပတ်ဝန်းကျင်အများလည်း ကောင်းအောင်လုပ်ဆောင်စည်းရုံးနိုင်ရမယ်။ ဒါမှလည်း လူ့အဖွဲ့အစည်းက တိုးတက်နိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာချိုချိုမြအောင်

တိုင်းပညာရေးမှူး

ရန်ကုန်တိုင်းဒေသကြီး

ကျွန်မက မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) မှာ လေ့လာသူအနေနဲ့ တက်ရောက်တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံမှာ ဆရာပြုန်းတီးမှု လျှော့ချရေးနဲ့ဆရာများ လုပ်ငန်းခွင်တွင် ပျော်ရွှင်မှုရရှိစေရေး စာတမ်းဖတ်ခဲ့ပါတယ်။ အဲဒီစာတမ်းက အများကြီး အကျိုးသက်ရောက်မှုရှိခဲ့တဲ့အတွက် အားရကျေနပ်ခဲ့ပါတယ်။ နိုင်ငံတော်က စာတမ်းတွေအပေါ် တွေ့ရှိချက်တွေ၊ ဝိုင်းဝန်းဆွေးနွေး အကြံပြုချက်တွေ၊ သုံးသပ်ဆုံးဖြတ်ချက်တွေအရ ပညာရေးဝန်ထမ်းတွေကိုအများကြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာတွေရှိခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံအတွင်းမှာရှိတဲ့ အသက်မွေးဝမ်းကျောင်း ပညာရေး၊ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးစတဲ့ ပညာရပ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတွေက အကောင်အထည်ဖော်ဆောင်ရွက်နေကြတာတွေကို ဒီညီလာခံပွဲမှာ တွေ့ဆုံခွင့်၊ ဖလှယ်ခွင့်၊ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အခွင့်အလမ်းတွေ အများကြီးရရှိတာဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ပညာရေးညီလာခံတစ်ခုဖြစ်လာဖို့ဆိုတာက တစ်နှစ်ပတ်လုံးဆောင်ရွက်ရတာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ KG+9 ကို နိုင်ငံသားတိုင်း ပြီးမြောက်ဖို့ဆိုတဲ့ အချက်အလက်တွေကို ဆောင်ရွက်တဲ့အခါမှာ အားလုံးဘက်စုံထောင့်စုံက ဝိုင်းဝန်းပြီးကူညီဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီညီလာခံကနေ ဆက်စပ်ဝန်ကြီးဌာနတွေ ပေါင်းစပ်ညှိနှိုင်းဆွေးနွေး အဖြေရှာပြီး ပံ့ပိုးပေးကြမယ်ဆိုရင် ထိရောက်ကောင်းမွန်မှာ ဖြစ်ပါတယ်။ ညီလာခံရဲ့ ရည်ရွယ်ချက် ခြောက်ချက်က နိုင်ငံရဲ့ပညာရေးကဏ္ဍမှာ အမှန်တကယ် လိုအပ်နေတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့အတွက် လူသားအရင်းအမြစ်တွေရဲ့ ပညာရည်မြင့်မားပြည့်ဝမှုတွေက လိုအပ်ပါတယ်။ ပညာရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်နေသူ တစ်ယောက်အနေနဲ့ ဒီလိုညီလာခံတက်ရောက်ခွင့်ရတာ၊ စာတမ်းတွေကို နားထောင်ပြီး ပြန်လည်ဆွေးနွေးခွင့်ရတာကို ကျေနပ်ဂုဏ်ယူပါတယ်။

မောင်ဖြိုးသန့်ဇင်

ကျောင်းသား အမှတ်(၁) စက်မှုသင်တန်း ကျောင်း - ဆင်တဲ

ကျွန်တော်က စက်မှုသင်တန်းကျောင်း ရှစ်ကျောင်းရဲ့ ကိုယ်စားပြုအနေနဲ့ ကျောင်းတွေမှာ လက်တွေ့အသုံးပြုနေတဲ့ စက်ပစ္စည်းတွေကို ပြခန်းလာရောက်ပြသတာဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကြီးမှာ ကိုယ်စားပြု လာရောက်ပြသခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ ဒီလိုပညာရေးညီလာခံကြီး ကျင်းပပေးတဲ့အတွက် အကျိုးရလဒ်တွေက အများကြီးကောင်းမွန်ပါတယ်။ ကျွန်တော်တို့ လူငယ်တစ်ယောက်စီမှာ အတတ်ပညာတစ်ခုခုတတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ အတတ်ပညာတစ်ခုခုတတ်မြောက်ထားတဲ့သူက နေရာတစ်ခု အမြဲရှိပါတယ်။ အစ်ကို၊ အစ်မတွေ၊ ညီလေး၊ ညီမလေးတွေကို အတတ်ပညာတစ်ခုခုကို တတ်မြောက်အောင် ကြိုးစားသင်ယူကြပါ၊ ကိုယ်သာအကောင်းဆုံးဖြစ်နေရင် အကောင်းဆုံးနေရာတစ်ခုကိုရောက်မှာ ပါလို့ ပြောချင်ပါတယ်။ ။

ဝင်းသန့်၊ ဓာတ်ပုံ- ဖိုးပြည့်စုံ