Skip to main content

ဟိုပုံးမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟိုပုံး ဇွန် ၂၅

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဂုဏ်ယူစွာထမ်းဆောင်စေလို

ဆက်လက်၍ ဘုရင့်နောင်အားကစားခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံသားတစ်ဦးအတွက် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် အခြားပြည်ပနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိကြောင်း၊ သင်ကြားပို့ချပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ နာယူမှတ်သားကြစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးပါက မိမိတို့တာဝန်ကျရာ အရပ်ဒေသအသီးသီးတွင် တာဝန်ကျေပွန်သော တပ်မတော်သားများအဖြစ် ဂုဏ်ယူစွာ ထမ်းဆောင်စေလိုကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံယူခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)