Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထိုင်း၊ နီပေါနှင့်ကာတာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် တီဟီရန်မြို့၌ သီးခြားစီတွေ့ဆုံ

တီဟီရန် ဇွန် ၂၅

(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် တီဟီရန်မြို့၌ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Narayan Kaji Shrestha Prakash နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကာတာနိုင်ငံ State Minister of Foreign Affairs Mr. Soltan Saad S. K. Al-Moraikhi နှင့်လည်းကောင်း တီဟီရန်မြို့ရှိ ပါရှန်အဇာဒီဟိုတယ်၌ သီးခြားစီတွေ့ဆုံသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီ၊ အာဆီယံနှင့် ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လာမည့် ၂၀၂၅ ခုနှစ်တွင် အေစီဒီဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ အရေးပါသည့်အခန်းကဏ္ဍအပေါ် ကြိုဆိုကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

နီပေါဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ မြန်မာနှင့်နီပေါနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ကာတာ State Minister of Foreign Affairs နှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ - ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသည့် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

သတင်းစဉ်