နေပြည်တော် ဇွန် ၂၄
နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကို ကြည့်ရှုလေ့လာရန် ဖိတ်ကြားခေါ်ယူခဲ့သော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ယွန်းပညာကောလိပ် (ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) တို့မှ နည်းပြဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ လေ့လာရေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ခေတ္တတည်းခိုနေထိုင်မည့် တည်းခိုရေးစခန်းသို့ ရောက်ရှိလာရာ ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဖူးမြော်ကြည်ညို
အဆိုပါလေ့လာရေးအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းကာ မော်ကွန်းပြတိုက်ကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်တည်ထား ကိုးကွယ်သည့် မှတ်တမ်းများနှင့် တည်ထားကိုးကွယ်ရခြင်း၏ သမိုင်းကြောင်းကို Projector ဖြင့် ရှင်းလင်းပြသ၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး စေတီတော်ကြီးအတွက် အလှူငွေများထည့်ဝင်လှူဒါန်းကြသည်။
ယင်းနောက် လေ့လာရေးအဖွဲ့ဝင်များသည် ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်သို့သွားရောက်ပြီး ရတနာဆင်ဖြူတော်လေး ရဋ္ဌနန္ဒကနှင့် ရတနာဆင်ဖြူတော်များဖြစ်ကြသည့် ငွေဆဒ္ဒန်၊ ဟေမဝတီ၊ သီရိမာလာ၊ ဘဒ္ဒဝတီ၊ ဇာတကလျာနှင့် နန္ဒဝတီတို့ကို ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ရှင်းလင်းပြသ၍ လေ့လာရေးအဖွဲ့ဝင် ကျောင်းသားကျောင်းသူများက ရတနာဆင်ဖြူတော်များကို အာဟာရဒါန ကျွေးမွေးပြုစုကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့ဝင်များကို ညပိုင်းတွင် နေပြည်တော်ရေပန်းဥယျာဉ်သို့ပို့ဆောင်၍ အပန်းဖြေနားနေလေ့လာစေခဲ့ကြောင်း သိရသည်။
သတင်းစဉ်