နေပြည်တော် ဇွန် ၂၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်းဝင်းအတွင်း၌ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီးဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ဌာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ရတနာတန်းဝင်ကျွန်းပင်များကို စတင်စိုက်ပျိုးပေးကြပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ရတနာတန်းဝင်ကျွန်းပင် ၁၀၀၃ ပင်၊ ပန်းအိ၊ သပြေဘူတနှင့် စက္ကူပန်း ၂၀၅ ပင် စုစုပေါင်း ၁၂၀၈ ပင်ကို သတ်မှတ်နေရာများ၌ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်းညွှန်ကြားရေးမှူးရုံးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားပေးစက်ရုံများ၌ လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ချိန်တည်းတစ်ပြိုင်တည်းကျင်းပပြီး နှစ်ရှည်သီးနှံပင် ၁၀၂၅၉ ပင်၊ နှစ်ရှည်ပန်းပင် ၁၃၅၇ ပင်၊ အရိပ်ရလေကာပင် ၇၆၈ ပင် စုစုပေါင်း ၁၂၃၈၄ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်