နေပြည်တော် ဇွန် ၂၄
ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်ရုံး အထွေထွေအတွင်းရေးမှူးချုပ်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်ဦးနှင့် ဦးခင်မောင်ဦးတို့သည့် ထိုင်းနိုင်ငံအထက်လွှတ်တော်ရွေးချယ်ပွဲ (Thai Senate Selection) လေ့လာစောင့်ကြည့်ရေးအစီအစဉ်သို့ တက်ရောက်ရန် ယနေ့မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးနှင့် ဦးခင်မောင်ဦးတို့အား ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုင်းနိုင်ငံအထက်လွှတ်တော် ရွေးချယ်ပွဲ (Thai Senate Selection) လေ့လာစောင့်ကြည့် ရေးအစီအစဉ်ကို ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ရုံး (ECT) မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ် ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်၏ အခွင့်အာဏာ၊ တာဝန်ဝတ္တရားများ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အထက်လွှတ်တော်ကိုယ်စားလှယ်များကို အဆင့်ဆင့်ရွေးချယ်ပုံနည်းလမ်းများကိုလည်းကောင်း အသေးစိတ်စောင့်ကြည့်လေ့လာခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်