Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စစ်ကိုင်းမြို့တွင်ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနား တက်ရောက်အားပေး

စစ်ကိုင်း ဇွန် ၂၄

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်တို့ တက်ရောက်အားပေးသည်။

ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်မုခ်ဦးကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပါဝင်ကူညီခဲ့သည့် ပန်းဖွားအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့​နောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းရှိ အသင်္ခယာခန်းမ၌ ဆက်လက်ကျင်းပရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး “သုတဝေဖြာမျှဝေရာ ပညာဘဏ်တိုက် စာကြည့်တိုက်” Video Clip ကို ပြသ သည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦး​မောင်​မောင်အုန်းက အမှာစကားပြောကြားရာတွင် ယနေ့အချိန်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို တစ်နိုင်ငံလုံး၌ ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း။

အသိပညာမြင့်မားအောင်ကြိုးစား

စာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် အလေးထားအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကိုမွေးမြူ၍ မိမိတို့ဘဝတိုးတက်အောင် ထူထောင်ကြရမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုလေ့လာပြီး အသိပညာမြင့်မားအောင်ကြိုးစား၍ လူရည်ချွန်လူရည်မွန်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာကဲ့သို့ဖြစ်နေပြီး နည်းပညာများ တစ်ဟုန်ထိုးတိုးတက်လျက်ရှိသဖြင့် ခေတ်နှင့်အညီ လိုက်ပါသင်ယူကြိုးစားနေရမည်ဖြစ်ကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် မူလတာဝန်အပြင် စာကြည့်တိုက်လုပ်ငန်းများကိုအလေးထား၍ စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ စာတတ်သူတိုင်းစာဖတ်ကြစေရေး နှိုးဆော်တိုက်တွန်းခြင်း၊ အသိပညာပေးခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသားကျောင်းသူများအနေဖြင့် နေ့စဉ်စာဖတ်ရာ၌ သုတ/ရသပညာရပ်အစုံကိုဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်းသမီးကောင်း ပညာရှင်များပေါ်ထွန်းရေးအတွက် ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာစာကြည့်တိုက်အသစ် ငါးတိုက်ဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ်သိန်း ၇၅၀ နှင့် ဒေသခံပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်စာ​စောင် ၁၆၅၀၀ တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း ရှစ်ကျောင်းအတွက် DTH စလောင်းနှင့် DVB T2 Set Top Box ရှစ်စုံတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းပညာရေးမှူး ဦးသက်လေးဦးက လက်ခံရယူသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ဝမ်းမြောက်စကားပြောကြားပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွက် စာအုပ်/စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ဆက်လက်၍ နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် အဆိုတော် ယုန်လေး၊ အကယ်ဒမီ အုန်းသီး၊ ဒိန်းဒေါင်နှင့်ငြိမ်းချမ်းတို့က ဖျော်ဖြေတင်ဆက်ကြသည်။

လှည့်လည်ကြည့်ရှုအားပေး

ယင်းနောက် စစ်ကိုင်းပညာရေးကောလိပ်မှ ကျောင်းသူများက ပန်းဥယျာဉ်ဝယ်ဆိုကြကကြမယ်” သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (၁) စစ်ကိုင်းမှ ကျောင်းသူများက“အတုမရှိရွှေစစ်ကိုင်း” သီချင်းဖြင့်လည်းကောင်း၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူများက “အမျိုးသားစာပေယဉ်ကျေးမှုအမွေ” သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (ခွဲ) ရန်နိုင်မှ ကျောင်းသားကျောင်းသူများက “မိုးဇာဗြော”သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (၁) ကျောင်းသားကျောင်းသူများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အကအဖွဲ့များအားဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ကာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသောစာအုပ်စာစောင်များ၊ ဌာနဆိုင်ရာပြခန်းများ၊ ဓာတ်ပုံပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများ ကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ရွှေသင်္ကန်းပြန်လည်ကပ်လှူပူဇော်ရန်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ကိစ္စများနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ဆွေးနွေးပြောကြားသည်။ ဆွမ်းဦးပုညရှင် စေတီတော်ကြီးကို လွန်ခဲ့သောကိုးနှစ်ခန့်က လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ပြီး ယခုအခါ ရွှေသင်္ကန်းပြန်လည်ကပ်လှူပူဇော်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စေတီတော်ကြီးသို့လာရောက်သည့် ဘုရားဖူးပြည်သူများ အဆင်ပြေစွာတည်းခိုနိုင်ရေးအတွက် ရွှေတောင်ရိုးမိုတယ်ဖွင့်လှစ်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                

သတင်းစဉ်