မွန်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အလားအလာကောင်းသည့် ဒေသထွက်ကုန်ကြမ်းများထုတ်လုပ်ခြင်းနှင့် တစ်နိုင်တစ်ပိုင် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ် အားပေးလျက်ရှိပြီး တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့်ထုတ်ကုန်များအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရေး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးတို့ကိုလည်း ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ MSME စီးပွားရေးလုပ်ငန်းရှင်များ လိုအပ်သည့်လုပ်ငန်းဈေးကွက် အခိုင်အမာရရှိရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရန်အတွက် လိုအပ်သည့်အခက်အခဲနှင့် မတည်ရင်းနှီးငွေများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များနှင့် ဆက်စပ်ဆောင်ရွက်နိုင်မှုအခြေအနေ၊ စွန့်ဦးတီထွင်လုပ်ငန်း အခန်းကဏ္ဍများအပြင် အကျိုးဖြစ်ထွန်းမည့် ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် အစဉ်တစိုက်အားပေးကူညီ ဆောင်ရွက်လျက်ရှိသည်။
သထုံမြို့နယ်တွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိလာသည့် ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်နေကြလျက်ရှိပြီး ယင်းတို့အနက် နောင်ကုလားကျေးရွာ “ဇာနည်” ဝဥလုပ်ငန်းသည် မွန်ပြည်နယ်အတွင်း သထုံမြို့နယ်အပါအဝင် အနီးဝန်းကျင်ဒေသတို့၌ သဘာဝပေါက်ပင်အဖြစ် မြင်တွေ့ရသည့် ဝဥအပင်မှတစ်ဆင့် ဈေးကွက်အတွင်း စားသောက်ကုန်အဖြစ် ဖန်တီးရောင်းချနေကြသည့် ဝဥကုန်ချောအဖြစ် ထုတ်လုပ်နေသည့် တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းတစ်ခု ဖြစ်သည်။
မိရိုးဖလာအစဉ်အဆက် လက်အားကိုအသုံးပြု၍ ထုတ်လုပ်ခဲ့ရာမှ ခေတ်မီစက်ပစ္စည်းတို့ဖြင့် အဆင့်မြှင့်ထုတ်လုပ်နေလျက်ရှိရာ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုအဖြစ် သွားရောက် တွေ့ဆုံမေးမြန်းခဲ့မှုအား ပြန်လည်မျှဝေလိုက်ရပါသည်-
မေး။ ။ ဒီလုပ်ငန်းကို ရွေးချယ်လုပ်ကိုင်ဖြစ်တဲ့ အကြောင်းကို ရှင်းပြပေးပါ။
ဖြေ။ ။ ဒီလုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးအနေနဲ့ ရွေးချယ်လုပ်ကိုင်ဖြစ်ခဲ့တာပါ။ အဓိကကတော့ ကိုယ့်နိုင်ငံမှာရှိတဲ့ ဒေသထွက်သဘာဝပေါက်ပင်ဖြစ်တဲ့ ဝဥကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြဖို့နဲ့ ပြည်ပသွင်းကုန်လျှော့ချနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။
မေး။ ။ လုပ်ငန်းလုပ်နေတဲ့ အချိန်မှာ ဘယ်လိုအခက်အခဲတွေတွေ့ကြုံခဲ့ရပြီး ဘယ်လိုကြိုးစားခဲ့ရတာကိုလည်း မျှဝေပေးပါဦး။
ဖြေ။ ။ ဒီဝဥကို ဈေးကွက်ပို့နိုင်တဲ့ ကုန်ချောအဖြစ် လုပ်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးဖြစ်ခဲ့ပါတယ်။ စပြီးလုပ်တုန်းကဆိုရင် ပြုတ်ထားတဲ့ဝဥကမကျက်လို့ ပျက်စီးတာတို့၊ ထုံးစပ်တာများလို့ ယားတာတို့၊ အဲလိုတွေပေါ့လေ၊ နည်းပညာပိုင်း အခက်အခဲတွေအများကြီးဖြစ်ပြီးတော့ ဆုံးရှုံးမှုတွေလည်းများခဲ့တယ်။ နောက်ပြီး ဒီဝဥကုန်ကြမ်းတွေကို သယ်ယူတဲ့အခါမှာ လမ်းပန်းဆက်သွယ် ရေးပေါ့။ ကျွန်တော်တို့ ဒါတွေကို သယ်ယူတဲ့အခါမှာ ရေလမ်းကရောကုန်းလမ်းကပါ အဆင့်ဆင့်သယ်ယူရတယ်။ မိုးတွင်းကာလဆို ပိုပြီး ခက်ခဲတယ်။ ကုန်ကြမ်းကတော့ နှစ်စဉ်လိုလို လိုသလောက်တော့ ရပါတယ်။
မေး။ ။ ဝဥကုန်ကြမ်းတွေကို ဘယ်လိုအချိန်တွေမှာ စုဆောင်းရတယ် ဆိုတာကိုလည်း မျှဝေပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့ အခုလုပ်တဲ့ ဝဥကအလေ့ကျပေါက်တဲ့ သဘာဝပေါက်ပင်မျိုးတွေပါ။ ဒါကို အိမ်ခြံထဲမှာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးနေကြတာတွေလည်း ရှိပါတယ်။ ဒီနယ်တစ်ကြောမှာ အများဆုံးထွက်တာကတော့ ဘီးလင်းမြို့နယ်က လေးကေကျေးရွာ၊ နတ်ကြီးကျေးရွာတွေမှာ အထွက်များတယ်။ မိုးအကုန်ဆောင်းဦး ကာလကစပြီးပြာသို၊ တပို့တွဲလလောက်အထိ နောက်ဆုံးထားပြီး လိုက်ဝယ်ရတယ်။ အဲဒီနောက်ပိုင်းဆိုရင် ဥတုံးပြီ။ အစို့တွေ ထွက်ပြီဆိုတော့ အဆင်မပြေတော့ဘူး။ ကျွန်တော်တို့ လိုက်ဝယ်ကြတော့ ဒေသခံတွေအနေနဲ့ကလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရတာကြောင့် ပျော်ကြတယ်။ ကျွန်တော်တို့ များများ ဝယ်လေ သူတို့မိသားစုတွေ အဆင် ပြေလေပေါ့။
မေး။ ။ ဝဥကုန်ချောအဖြစ်နဲ့ ဈေးကွက်ပို့နိုင်ဖို့ ဘယ်လိုလုပ်ရတယ် ဆိုတာကိုလည်း အနည်းငယ်လောက် မျှဝေပေးပါ။
ဖြေ။ ။ ဝဥကို ဈေးကွက်ပို့နိုင်ဖို့အတွက်ဆိုရင် အရင်ဆုံးကျွန်တော်တို့ ဒီဥတွေကို ဖွဲမီးနဲ့ သုံးနာရီလောက် ကြာအောင်ပြုတ်တယ်။ ပြုတ်ပြီးရင်တော့ အခွံတွေကိုဇွန်းနဲ့ခွာတာပေါ့။ ဒီလိုခွာပြီးမှ အနေတော်အတုံးလေးတွေဖြစ်အောင် လှီးရတယ်။ လှီးပြီးမှကြိတ်စက်ထဲ ထည့်ရတယ်။ ဒီလိုရလာတဲ့ကြိတ်သားကို မွှေတဲ့အိုးထဲထည့်မွှေပြီးရင် ပုံစံခွက်ထဲ ထည့်အခဲပြုလုပ်ပြီး ဈေးကွက်ပို့ဖို့ ကိုယ်လိုတဲ့အတုံးတွေပြန်ဖြတ်ယူရပါတယ်။ ဒီလုပ်ငန်းက မိရိုးဖလာလုပ်ခဲ့တယ်လို့ပဲပြောရမယ်။ အရင်ကဆိုထောင်းတယ်၊ ပြုတ်တယ်၊ ဒါမျိုးတွေလုပ်ခဲ့ကြရတာ။ အခု ကိုယ့်လက်ထက်ကျတော့မှပဲစက်တွေ အသုံးပြုပြီး အဆင့်မြှင့် လုပ်ဆောင်ခဲ့ရတာ။ လက်နဲ့လုပ်တာက အရေအတွက် နည်းသလို အရည်အသွေးကျတော့လည်း စက်နဲ့လုပ်သလောက် မကောင်းဘူး။ လက်အားနဲ့လုပ်ရင် တစ်နေ့ကိုမှ ၁၀ ပိဿာဝန်းကျင်လောက်ပဲ ရတယ်။ စက်နဲ့လုပ်တာကျတော့ လုပ်နိုင် သလောက်ရပါတယ်။
မေး ။ ။ လက်ရှိအချိန်မှာ ထုတ်ကုန်ရဲ့ ဈေးကွက်အခြေအနေနဲ့ဆက်ပြီး ချဲ့ထွင်လုပ်ကိုင်ချင်တဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ ဈေးကွက်ကတော့ အဓိကအားဖြင့် ဘားအံဘက်ကို ပို့တာများတယ်။ ဒေသတွင်းမှာလည်း ရောင်းချနေပါတယ်။ ကျွန်တော်တို့ဆီမှာကတော့ တစ်နိုင်တစ်ပိုင်လောက်ပဲ လုပ်ပါတယ်။ တစ်နေ့ကို ပိဿာချိန် ၃၀ လောက် နေ့စဉ်လုပ်ဖြစ်တယ်။ အခုပေါက်ဈေးက လုပ်ပြီးသားဝဥက တစ်ပိဿာကို ငွေကျပ် ၈၀၀ ကျပ်နဲ့ရောင်းပေးတယ်။ အပြင်မှာ လက်လီပြန်ရောင်းတဲ့ သူတွေကျတော့ ဈေးတစ်မျိုးဖြစ်မှာပေါ့။ လက်ရှိတော့ ဘားအံဈေးကွက်ကို အားထားတယ်။ အဲဒီကနေမှတစ်ဆင့် တဖြည်းဖြည်း ဈေးကွက်ချဲ့ဖို့ကိုလည်း ကြိုးစားနေပါတယ်။ နောက်ပြီး ဝဥကနေပြီးတော့ အခုလိုကုန်ချောတွေအပြင် ဝဥဂျယ်လီ၊ ဝဥကြာဇံ၊ ဝဥခေါက်ဆွဲ ဒါတွေကိုလည်းလုပ်လို့ရပါတယ်။ ကျွန်တော် စဉ်းစား ထားတာကတော့ ဝဥဂျယ်လီကို ဆက်ပြီး ထုတ်နိုင်ဖို့ရည်ရွယ်ထားတယ်။ ဒီဒေသမှာ ဝဥဂျယ်လီကမရှိသေးဘူး။ လုပ်နိုင်ခဲ့ရင် ဈေးကွက်ရနိုင်တယ်။ ကုန်ကြမ်းကလည်း ဒီမှာသက်သက်သာသာနဲ့ အလွယ်တကူရနိုင်တယ်။ ခုလောလောဆယ်မှာတော့ နည်းပညာတွေကို လေ့လာနေတုန်းပါပဲ။
မေး။ ။ ထုတ်ကုန်ကို အခုလို တရားဝင်ဖို့နဲ့ စားသုံးသူတွေအပေါ် အာမခံချက်ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့တာကိုလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ ကျွန်တော်ဒီလုပ်ငန်းကိုလုပ်ရင်းနဲ့ပဲ တဖြည်းဖြည်းလုပ်ငန်းက အထိုက်အလျောက် တွင်ကျယ် လာတဲ့အခါမှာ မှတ်ပုံတင်လုပ်ဖို့ စဉ်းစားရတာပေါ့။ ဒါကြောင့် သထုံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနနဲ့ချိတ်ဆက်ပြီး တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ ကျွန်တော့် ထုတ်ကုန်ကို ဓာတ်ခွဲစမ်းသပ်ပြီးပါပြီ။ အောင်မြင်တယ် လို့လည်းပြန်သိရပါတယ်။ တစ်ခုကျေးဇူး တင်ချင်တာက မှတ်ပုံတင်လျှောက်တဲ့ အခါမှာအစစအရာရာ လွယ်ကူအဆင်ပြေအောင် ကူညီပေးခဲ့ကြတဲ့ ခရိုင်ဦးစီးမှူးနဲ့ ဝန်ထမ်းအားလုံးကိုပါ။ ဒီလိုမှတ်ပုံတင်လိုက်တော့လုပ်ငန်းက တရားဝင်လုပ်ငန်း တစ်ခုအဖြစ်ရပ်တည်နိုင်ပြီဖြစ်သလို လိုအပ်တဲ့အကူအညီတွေလည်း အများကြီးရလာတယ်။ အဓိကကတော့ စားသုံးသူတွေ အန္တရာယ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်ဆိုတဲ့ အာမခံချက်ပေးနိုင်သွားပါတယ်။
မေး။ ။ အလားတူ ဒီလို ဝဥလုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ ဒီလုပ်ငန်းထပ်မံလုပ်ကိုင်ချင်သူတွေကိုပေးနိုင်တဲ့ အကူအညီတွေနဲ့အတူ ဘယ်လိုတိုက်တွန်းအားပေးစကားတွေကို မျှဝေ ပေးချင်ပါသလဲ။
ဖြေ။ ။ အခုဆိုရင် ကျွန်တော်တို့အနီးအနားမှာပဲ ဝဥလုပ်တဲ့သူက ၁၀ ဦး လောက်ရှိပြီ။ အရင်ကတော့ နှစ်ဦးလောက်ပဲရှိတယ်။ အားလုံးကတော့ အချင်းချင်းအခက်အခဲတွေကို မျှဝေတယ်၊ ဖြေရှင်းကြတယ်။ အသစ်လုပ်ချင်တဲ့ သူတွေကိုပြောချင်တာကတော့ အဓိကက လုပ်ချင်စိတ်ရှိဖို့ပဲလိုတယ်။ လုပ်ချင်တယ်ဆိုရင် ပထမဆုံးက ကျွမ်းကျင်မှုရှိဖို့ သေသေချာချာ လေ့လာစေချင်တယ်။ ဒီနေ့ခေတ်က လေ့လာစရာတွေများပါတယ်။ ကျွန်တော့်ဆီလာပြီး တော့လည်း အချိန်မရွေးလေ့လာနိုင်ပါတယ်။ ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် အရှုံးနဲ့အမြတ်ဆိုတာရှိပါတယ်။ အမှန်တကယ် လုပ်လိုသူတွေကို အားပေးပါတယ်။ နောက်ဆုံး ပြောချင်တာကတော့ အလုပ်ကိုလုပ်ကြည့်ပါ။ မခက်ခဲပါဘူး။ စဖို့ပဲလိုတယ် လို့ စကားလက်ဆောင်ပါးချင်ပါတယ်။
တွေ့ဆုံမေးမြန်း- လှလှဌေး၊ ဓာတ်ပုံ- နဒီ (ပြန်/ဆက်)