နေပြည်တော် ဇွန် ၂၃
ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေးတစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက် နံနက်မင်္ဂလာ အချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိသည်။
ဆင်ဖြူတော် ကလေး၏ ဘွဲ့နာမံတော်မှာ “ရနန္ဒက” ဖြစ်ပြီး အဆိုပါဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေ သည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူ တော်လေးဖြစ်သည်။
အထက်ပါ ဆင်ဖြူတော်လေး “ရနန္ဒက” မှာ ယခုအသက် ၁ နှစ်၊ ၁၁ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၆ လက်မ၊ ကိုယ်လုံး လုံးပတ် ၇ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၃၇၀ ရှိလာပြီး ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက် ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်