မြန်မာနိုင်ငံသမိုင်းတစ်လျှောက်ကို လေ့လာကြည့်မည်ဆိုပါက အပြုနှင့် အဖျက်တို့ အမြဲဒွန်တွဲဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံကို တည်ဆောက်နေကြသူများကတစ်ဖက်၊ နိုင်ငံကို တစိုက်မတ်မတ် ဖျက်ဆီးနေကြသူများကတစ်ဖက် တွေ့ရမည်ဖြစ်သည်။ တိုင်းပြည်တွင် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ၌ အကြောင်းတစ်စုံတစ်ရာပေါ်လာပါက ယင်းကိုအသုံးချလိုသူများနှင့် ဖျက်လိုဖျက်ဆီးပြုလုပ်သူများ ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။
အထူးသဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ပွတ်တိုက်ထိရှလွယ်သော လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေးကိစ္စများတွင် အကြောင်းတစ်စုံတစ်ရာရှိလာပါက အခွင့်ကောင်းစောင့်နေသူများနှင့် မီးလောင်ရာလေပင့်လိုသူများ ပေါ်ထွက်လာပြီး တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ကြသည်။ ယနေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ပြည်တွင်း/ ပြည်ပအဖျက်အန္တရာယ်များ ကြီးမားလာသည်ကို သတိပြုရမည်ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက အထင်ကရဆရာတော်ကြီးတစ်ပါး ပျံလွန်တော်မူခဲ့ခြင်းနှင့်ပတ်သက်၍ အားလုံးကစိတ်မကောင်းဝမ်းနည်းဖြစ်ရသည်။ ယင်းကိုအကြောင်းပြု၍ ပြည်သူလူထုကြားတွင် စိတ်ဝမ်းကွဲပြားအောင်၊ ပြဿနာကြီးထွားလာအောင် သွေးထိုးလှုံ့ဆော်မှုများကိုလည်း သတိထားရမည်ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ထုတ်ဖော်ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးကို နိုင်ငံတော်အဆင့် စိစစ်ဖော်ထုတ်ပေးလျက်ရှိသည်။ အဆိုပါဖြစ်စဉ် စတင်ဖြစ်ပေါ်သည်နှင့် ပြည်ဖျက်မီဒီယာများက ပြည်သူလူထုကြားတွင် အထင်အမြင်လွဲမှားအောင် စတင်ပြုလုပ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အကြမ်းဖက်အဖွဲ့ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက နိုင်ငံမတည်မငြိမ်ဖြစ်အောင်၊ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင် အချိန်ကိုက်လုပ်ဆောင်ခဲ့သည်။
မျက်မှောက်ကာလ၌ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးတာဝန်များကို ထမ်းဆောင်ရာတွင် အခက်အခဲများစွာရှိသည်။ တိုင်းပြည်ကာကွယ်ရေး၊ လုံခြုံရေးအတွက် မပြတ်မလပ်စောင့်ကြည့်နေရပြီး ရန်သူ၊ မိတ်ဆွေ၊ အဖြူအမည်း မသဲကွဲသည့်အခြေအနေများလည်းရှိသည်။ ထိုအခြေအနေမျိုး၌ ဖြစ်စဉ်ဖြစ်ပွားခြင်းမရှိဘဲ မဟုတ်မမှန်လုပ်ကြံ ဇာတ်ခင်းမှုများ၊ ကောလာဟလသတင်းစကားများ၊ ဖြစ်စဉ်ဖြစ်ပွားသော်လည်း ဖြစ်စဉ်တစ်ဝက် မမှန်တစ်ဝက်ရောချသည့်သတင်းများ၊ ဖြစ်စဉ်မှန်သော်လည်း ပုံကြီးချဲ့ကားသတင်းများဖြင့် ပြည်သူလူထုထင်ယောင်ထင်မှားဖြစ်အောင်၊ တွေဝေအောင်၊ အစိုးရအပေါ် ယုံကြည်မှုပျက်အောင် ပြုလုပ်လျက်ရှိသည်။
တပ်မတော်အနေဖြင့် ဘာသာသာသနာအပေါ် ရိုသေလေးစားကြည်ညိုပြီး ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု စည်ပင်ထွန်းကားပြန့်ပွားရေးကို ရှေးယခင်ကာလများမှ ယနေ့ထက်တိုင်အောင် နိုးကြားတက်ကြွ အလေးထားဆောင်ရွက်လျက်ရှိသည်။ ယခုဖြစ်စဉ်ကို အကြောင်းပြု၍ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်လာကြသည်။ အမှန်တကယ်တွင် ဘာသာသာသနာ၊ ယဉ်ကျေးမှုကို ထိခိုက်စော်ကားနေသည်မှာ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသာ ဖြစ်သည်။ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ရဟန်းသံဃာအပါး ၁၄၀၊ သီလရှင် နှစ်ပါး ပျံလွန်တော်မူခဲ့ပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ ဆန့်ကျင်ဘက်များက ရေငုံနှုတ်ပိတ်နေပြီး ယခုဖြစ်စဉ်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် ပြုလုပ်နေသည်မှာ သတိပြုစရာဖြစ်သည်။
၁၉၈၈ ခုနှစ်မတိုင်မီကာလက တိုင်းပြည်အဘက်ဘက်၌ အကျပ်အတည်းဖြစ်နေချိန် အနောက်မီဒီယာများ၏ မီးလောင်ရာလေပင့်ပေးမှုကြောင့် လူထုအုံကြွမှုဖြစ်ပေါ်လာပြီး ပြည်ထောင်စုကြီး ပြိုကွဲတော့မည်အထိဖြစ်ခဲ့ရာ သင်ခန်းစာယူစရာဖြစ်သည်။ တိုင်းပြည်၏ကံကြမ္မာကို ပြောင်းလဲသွားအောင် ပြည်ဖျက်မီဒီယာများနှင့် အဖျက်အမှောင့်၏ အကြံအစည်ကို သတိပြုရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင်လည်း နိုင်ငံတစ်နိုင်ငံ၏ကံကြမ္မာကို ပြောင်းလဲသွားအောင် ကြိုးစားအားထုတ်နေကြသည့် အဖျက်မီဒီယာများ၊ ပြည်တွင်း/ပြည်ပ အဖျက်သမားများ၏ ကြိုးစားအားထုတ်မှုများ၊ အခွင့်အခါပေါ်သည်နှင့် သွေးထိုးလှုံ့ဆော်မှုများကို သတိပြုရမည်ဖြစ်သည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတစ်လျှောက်တွင် တိုင်းပြည်တိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်မှု၊ သည်းခံခွင့်လွှတ်နားလည်မှု၊ အပြုသဘောဆောင်အကောင်းမြင်မှုများ အားနည်းမှုတို့ကြောင့် အဆိုးသံသရာတွင် ဝဲလည်ဖြစ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။ တိုင်းပြည်အခြေအနေကောင်းတစ်ခု ရောက်လာချိန်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေးနယ်ပယ်တစ်ခုခုတွင် ဖြစ်ပေါ်လာသည့် အကြောင်းတစ်မျိုးမျိုးကိုအကြောင်းပြု၍ လှုံ့ဆော်မှုများပြုလုပ်ကာ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်မှုများ ပေါ်ပေါက်တတ်သည်ကို သတိပြုပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာဝပြောမှု မပျက်ပြားအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။