နေပြည်တော် ဇွန် ၂၃
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက် နံနက် ၀၀:၁၅ နာရီအချိန်ခန့်တွင် မြင်းခြံမြို့နယ်၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ မြင်းခြံမြို့နယ်၊ မကျီးသမျှားကျေးရွာ၏မြောက်ဘက် မြင်းခြံ - မကျီးသမျှား သွားကားလမ်းတွင် မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်သမားများက ပစ်ခတ်၍ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ အခင်းဖြစ်ရာသို့ ဇွန်လ ၂၃ ရက် နံနက် ၀၀:၅၀ နာရီအချိန်ခန့်တွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ ပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် မြင်းခြံမြို့နယ်၊ စခမကျေးရွာ မြတ်ပုညပရဟိတအသင်းတံဆိပ်ပါ NOAX ခဲရောင် (နံပါတ်မပါ) မော်တော်ယာဉ်ပေါ်၌ မြင်းခြံမြို့နယ်၊ ကျေးရွာ ရွာဦးကျောင်းမှ လက်ထောက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဥတ္တမ၊ သက်တော် (၅၀) ၊ ဝါတော် (၁၂) ဝါတွင် ဝဲနံဘေးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဂျိုစောင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနောက်ကျော ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်တို့ဖြင့် ပျံလွန်တော်မူနေသည်ကို တွေ့ရှိရပြီး ဦးအောင်မျိုးသောင်း၊ ၄၀ နှစ် (ဘ) ဦးအောင်သောင်း စခမကျေးရွာနေသူတွင် ဝဲဒူးခေါင်းအထက် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲနားနောက် ပေါက်ပြဲဒဏ်ရာ ၁ ချက်ရရှိနေသည်ကို တွေ့ရှိရပြီး မောင်းနှင်လာသည့် မော်တော်ယာဉ်၏အမိုးပေါ်တွင် လုံခြုံရေးမီးတန်းပုံစံပါရှိသဖြင့် လုံခြုံရေးယာဉ်အဖြစ် မှားယွင်းပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၂၂ ရက် ည ၁၀ နာရီခန့်တွင် စခမကျေးရွာနေ မဝင့်ဝါအေး၊ အသက် (၂၈) နှစ် (ဘ) ဦးအေးသောင်းသည် ဗိုက်အောင့်ဝေဒနာ ခံစားနေရသည့်အတွက် စခမကျေးရွာ မြတ်ပုညပရဟိတအသင်းယာဉ်ဖြင့် ဘဒ္ဒန္တဥတ္တမမှ မောင်းနှင်ပြီး အဖော်အဖြစ် ဦးအောင်မျိုးသောင်းအား ခေါ်ဆောင်၍ ထွက်လာခဲ့ကြောင်း၊ ထို့နောက် မဝင့်ဝါအေးအား မြင်းခြံမြို့၊ အမှတ် (၇) ရပ်ကွက်ရှိ ဖခင်ဖြစ်သူ ဦးအေးသောင်း နေအိမ်သို့ ပို့ဆောင်၍ စခမကျေးရွာသို့ ပြန်လည်ထွက်ခွာလာခဲ့ရာ မြင်းခြံ - မကျီးသမျှားသွားကားလမ်း ဖြစ်စဉ်နေရာအနီးအရောက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဦးအောင်မျိုးသောင်း၏ပြောဆိုချက်အရ သိရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ပျံလွန်တော်မူခဲ့သည့် ဆရာတော်နှင့် ဒဏ်ရာရရှိသူတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။