Skip to main content

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များတွေ့ဆုံပွဲ (၂၀၂၄) သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့တက်ရောက်မည်

နေပြည်တော် ဇွန် ၂၂

ဂျပန်နိုင်ငံဖူကူအိုကာမြို့ (Fukuoka) အခြေစိုက်အာရှပစိဖိတ်ဒေသ ကလေးများဆိုင်ရာ ကွန်ဗင်းရှင်း (Asian-Pacific Children’s Convention - APCC) က ဦးစီး၍ နှစ်စဉ်ဇူလိုင်လတွင် ကျင်းပသည့် နွေရာသီ အပြည်ပြည်ဆိုင်ရာလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp - 2024) သို့ Junior Ambassador အဖြစ် မြန်မာနိုင်ငံက ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ဖွဲ့စည်း

ယင်းသို့တက်ရောက်ရန်အတွက် မြန်မာ-ဂျပန်အသင်း(MJA)က ဦးစီး၍ အ.ထ.က (၁) ဒဂုံ၊ ရန်ကုန်မှ ဆဋ္ဌမတန်းကျောင်းသား မောင်လင်းထက်ပိုင်(၁၂ နှစ်)၊ ကမာရွတ်လေ့ကျင့်ရေးကျောင်း TTC ၊ ရန်ကုန်မှ ပဉ္စမတန်းကျောင်းသား မောင်ဘုန်းဇေဟိန်း (၁၂ နှစ်)၊ အ.ထ.က (၁) ဒဂုံ ရန်ကုန်မှ ပဉ္စမတန်းကျောင်းသူ မသွန်းသက်ထားအောင် (၁၁ နှစ်)နှင့် အ.ထ.က (၂)၊ မင်္ဂလာဒုံ၊ ရန်ကုန် (အောင်ဆန်းသူရိယလှသောင်း ကျောင်း)မှ ပဉ္စမတန်းကျောင်းသူ မရှင်းသန့်ဖြူ (၁၁ နှစ်) တို့ကို ရွေးချယ်ဖွဲ့စည်းလေ့ကျင့်ပေးလျက်ရှိသည်။

အဆိုပါ ကျောင်းသားကျောင်းသူ လေးဦးအား Junior Ambassador အဖြစ် ရွေးချယ်အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာ မြန်မာ-ဂျပန်အသင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ပြီး မြန်မာ-ဂျပန်အသင်းဥက္ကဋ္ဌက အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်၍ ခရီးစဉ်အတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

မြန်မာနိုင်ငံမှ Junior Ambassador လေးဦးအား မြန်မာ-ဂျပန်အသင်း၏ အတွင်းရေးမှူးဖြစ်သူက အုပ်ချုပ်သူအဖြစ်လိုက်ပါ၍ ဇူလိုင်လပထမပတ်တွင် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ သွားရောက်မည်ဖြစ်ပြီး ၁၀ ရက်ကြာ စခန်းချကာလအတွင်း အခြားအာရှ-ပစိဖိတ်ဒေသ ၄၈ နိုင်ငံမှ ကျောင်းသားလူငယ်များနှင့်အတူ စခန်းဝင်တွေ့ဆုံခြင်း၊ အသက်ရွယ်တူ ဂျပန်ကျောင်းသား ကျောင်းသူများ၏ ကျောင်းများသို့အတူ သွားရောက်လေ့လာခြင်းနှင့် ဂျပန်ကျောင်းသား ကျောင်းသူများ၏နေအိမ်တွင် Home Stay နေထိုင် ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်