Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း Global Earth Agro & Aqua Industry Public Company Limited က ဆောင်ရွက်နေသည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ကြည့်ရှုစစ်ဆေးစဉ် မန်နေဂျင်းဒါရိုက်တာက စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ တည်ဆောက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများဖြစ်သဖြင့် အမြန်ဆုံးပြီးစီးအောင် အကောင်အထည်ဖော်ရန်၊ စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဘွိုင်လာတည်ဆောက်ခြင်း၊ အအေးခန်းစက်ရုံ တည်ဆောက်ခြင်း၊ မွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့နှင့်ပတ်သက်သည့် နည်းပညာများ လွှဲပြောင်းရရှိရေးဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရန်၊ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိရေးအတွက် စီမံကိန်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး စပါးခွံလောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် စက်များတပ်ဆင်နေမှု၊ ဘွိုင်လာတည်ဆောက်တပ်ဆင်နေမှု၊ အအေးခန်းစက်ရုံတည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေတို့ကို ထုတ်ပြန်ပြဋ္ဌာန်းပြီး ဗဟိုကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ စက်မှုဇုန် ဥပဒေ၊ နည်းဥပဒေပါ အချက်အလက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ကျင်းပ၍ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီများဖွဲ့စည်းရန် စသည့်ဆုံးဖြတ်ချက်(၁၂)ချက်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း။

ဥပဒေ၊ နည်းဥပဒေပါ အချက်အလက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် ဥပဒေနှင့်နည်းဥပဒေတို့၏ အနှစ်သာရကို သိရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စက်မှုဇုန်များတည်ထောင်ခဲ့သည့် ရည်ရွယ်ချက်များကို သိရှိအောင်ဆောင်ရွက်ရန်နှင့် အထူးစီးပွားရေးလုပ်ငန်းများနှင့် မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက်ရမည်ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များ၊ MSME များနှင့် ပတ်သက်သည့် အချက်အလက်များကို အသေးစိတ်သိရှိအောင် ဆောင်ရွက်ထားရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအတွင်းရှိ နည်းပညာတက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သက်မွေးပညာသင်ကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/ ၂၀၂၄)၏ ဆွေးနွေး ဆုံးဖြတ်ချက်များကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးနှင့် ခရိုင်ဦးစီးဌာနမှူးများက တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ဆိုင်ရာ အချက်အလက်များ၊ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်