နေပြည်တော် ဇွန် ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ Grade-12 (ဒွါဒသမတန်း)စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု၍ အားပေးစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အားပေးစကားပြောကြားရာတွင် မိမိတို့ဘဝကိုယ်စီဖွံ့ဖြိုးတိုးတက်စေမည်မှာ ပညာရေးသာဖြစ်၍ ပညာတတ်အောင် အမြဲမပြတ်လေ့လာကြိုးစားနေကြရမည်ဖြစ်ကြောင်း၊ ပညာတတ်အောင် ဘာသာရပ်ဆိုင်ရာများကို ကြိုးစားသင်ကြား၊ သင်ယူရုံသာမက ကျောင်းတွင်း အားကစားကာယလေ့ကျင့်ခန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကျောင်းစာကြည့်တိုက်တွင် စာပေများဖတ်ရှုလေ့လာခြင်း စသည့်ကောင်းမွန်သော အလေ့အကျင့်များကို ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကို အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသောပညာတတ်များ၊ လူတော်လူကောင်းများဖြစ်အောင် ဆရာ ဆရာမများ အားလုံးဝိုင်းဝန်းလက်တွဲ၍ ညီညီညွတ်ညွတ် ပြုစုပျိုးထောင်သင်ကြားပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် စာသင်ခန်း၊ စာကြည့်တိုက်၊ စာသင်ဆောင်များ၊ ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ သင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့်ဆိုင်ရာများ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေး မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်၍ စာသင်ကျောင်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်