Skip to main content

ကုန်စည်ဈေးနှုန်းတည်ငြိမ်ရေး ဝိုင်းဝန်းကြိုးပမ်း

ယနေ့ကာလတွင် ကမ္ဘာ့စီးပွားရေးဂယက်ရိုက်ခတ်မှု၊ နိုင်ငံခြားငွေကြေး၊ ရွှေဈေးမြင့်မားလာမှု၊ သွင်းကုန်ဈေးနှုန်းမြင့်မားမှု စသည်တို့ကိုအကြောင်းပြု၍ ပြည်တွင်းရှိ အရပ်ရပ်ကုန်ဈေးနှုန်းများအားလုံး တစ်ပြိုင်တည်းပင်မြင့်မားလာသည်ကို ကြုံတွေ့ကြရမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ငွေကြေးဖောင်းပွမှုနှင့် အခြေခံပြည်သူများ စားဝတ်နေရေးကျပ်တည်းမှုများ တစ်နေ့ထက်တစ်နေ့ မြင့်မားလာနိုင်သည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ အရည်အသွေးမြင့်မားသော ကုန်ထုတ်လုပ်မှုတိုးတက်လာရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို မျက်ခြည်မပြတ် အလေးထားဆောင်ရွက်နေသည်။ သို့သော် ကုန်ပစ္စည်းအများစု၏ဈေးနှုန်းမှာ တည်ငြိမ်သွားခြင်းမရှိသေးဘဲ ဆက်လက်မြင့်မားနေလျက်ရှိရာ အဆိုပါပြဿနာကို ဆိုင်ရာဆိုင်ရာနှင့်အားလုံးတို့က ဆင်ခြင်တုံတရားဖြင့် အများပြည်သူအကျိုးကိုရှေးရှု၍ ကြိုးစားဖြေရှင်းသွားပါမှ ပြည်သူအများစု စိတ်အေးသက်သာမှုကို ရရှိနိုင်မည်ဖြစ်သည်။

မလွန်ဆန်နိုင်သည့် ဖြစ်ပေါ်လာသောအခြေအနေအရပ်ရပ်တို့ကြောင့် ကုန်ပစ္စည်းများဈေးနှုန်းတက်မှုသည် အထိုက်အလျောက်ရှိမည်ဖြစ်သည်။ သို့သော် မတော်လောဘနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် လွန်လွန်ကဲကဲမမြင့်မားဖို့လိုသည်။ အဓိကမှာကုန်ဈေးနှုန်းတက်မှုကြောင့် ငွေကြေးဖောင်းပွမှု ကြီးကြီးမားမားဖြစ်မလာစေရန် ဝိုင်းဝန်းထိန်းသိမ်းဖို့လိုပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)တွင် “ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းထက် ငွေကြေးခိုင်မာမှုရှိစေရန်လိုအပ်မည်ဟု ထင်မြင်ကြောင်း၊ နိုင်ငံ၏စီးပွားရေးကျဆင်းစေရန် ရည်ရွယ်၍ အဘက်ဘက်မှ ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်းဖြစ်၍ ငွေဈေးတည်ငြိမ်ရန်အရေးကြီးကြောင်း” နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း ရွှေဈေးနှင့်နိုင်ငံခြားငွေဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည်။ ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းသည် ဝိသမလောဘသားများက ငွေကြေးတန်ဖိုးကမောက်ကမဖြစ်အောင် ပြုလုပ်ခြင်းပါဝင်သည်။ ထို့ကြောင့် နိုင်ငံတော်က လိုအပ်သည့် စစ်ဆေးအရေးယူမှုများဆောင်ရွက်ခဲ့ရာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ယခင်ကာလများကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်ပြိုလဲအောင်လုပ်ဆောင်မှုများနှင့် ငွေကြေးကမောက်ကမဖြစ်အောင် ပြုလုပ်ခဲ့သည်။

နိုင်ငံခြားငွေကြေးမတည်ငြိမ်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ငွေကြေးများဖြင့် ပြည်ပနိုင်ငံများတွင် အိမ်ရာမြေဝယ်ယူခြင်းများပါ ပြုလုပ်လာသဖြင့် လိုအပ်သည့် စည်းကမ်းဥပဒေများနှင့်အညီ စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့သည်။ နိုင်ငံခြားငွေကြေးတန်ဖိုးသည် ပြည်တွင်းကုန်ပစ္စည်းများ ဈေးနှုန်းအပြောင်းအလဲဖြစ်စေသည့် အဓိကအချက်ဖြစ်သည်။ ဖြစ်ပေါ်ခဲ့သည့် ရွှေနှင့် နိုင်ငံခြားငွေဈေးနှုန်းများသည် မဖြစ်သင့်မဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်စေခဲ့သည်။ မြန်မာငွေကြေးတန်ဖိုးကျဆင်းစေရန် နိုင်ငံခြားငွေတန်ဖိုးကို ဆွဲတင်ခြင်းသည် တိုင်းပြည်စီးပွားရေးကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်။

နိုင်ငံခြားငွေတန်ဖိုးကိုအကြောင်းပြု၍ ပြည်တွင်းကုန်ပစ္စည်းများနှင့် စီးပွားရေးဈေးကွက် ကမောက်ကမမဖြစ်စေရန် ပြည်ထောင်စုကုန်ဈေးနှုန်းကော်မတီက ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ဆေးဝါးနှင့်ဆေးအထောက်အကူ ပစ္စည်းများအပါအဝင် အရေးကြီးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မရှိမဖြစ်လိုအပ်သော သွင်းကုန်ပစ္စည်းများအတွက် အမှန်တကယ်လိုအပ်သည့် နိုင်ငံခြားငွေကို စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ နိုင်ငံအတွင်းအရေးကြီး လိုအပ်ချက်ဖြစ်သည့် ဆန်နှင့် စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ အခြေခံကျသည့် အဓိကစားကုန်ဆန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာသည်။ သွင်းအားစုဈေးနှုန်းများမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုအပါအဝင် အထွေထွေကုန်ကျစရိတ်များ မြင့်တက်မှုကြောင့် ဆန်ဈေးနှုန်းမြင့်မားလာခြင်းဖြစ်သည်။ စားအုန်းဆီကို ရည်ညွှန်းသတ်မှတ်နှုန်းထားအတိုင်း ရောင်းချပေးလျက်ရှိသော်လည်း စားသုံးဆီဈေးနှုန်းများ မြင့်မားလာခြင်းအပြင် မီးဖိုချောင်သုံးပစ္စည်းနှင့် သီးနှံများပါ လိုက်ပါမြင့်တက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ ရုတ်တရက်မြင့်တက်ခြင်းသည် ရောင်းဝယ်ဖောက်ကားလုပ်ကိုင်သူများအတွက် မသိသာသော်လည်း ဝင်ငွေနည်းပါးသည့် အခြေခံပြည်သူများ၊ ပုံသေလစာရရှိသည့် ဝန်ထမ်းများအနေဖြင့် နေ့စဉ်ထိခိုက်ခံစားမှု ကြုံတွေ့လျက်ရှိသည်။

သို့ဖြစ်ရာ ငွေကြေးဈေးကွက်တည်ငြိမ်မှုပျက်ပြားအောင် ပြုလုပ်သူများနှင့်ကုန်ပစ္စည်းများကို အဆမတန်ဈေးတင်ခြင်း၊ ဈေးကစားခြင်း၊ ရည်ရွယ်ချက်ရှိရှိသိုလှောင်ခြင်းတို့ကို ဖော်ထုတ်အရေးယူပြီးတစ်ဖက်တွင် ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချကြရာ၌ အကျိုးအမြတ်သာမကြည့်ဘဲ ပြည်သူများ၏လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့ကို အတ္တ/ပရမျှတအောင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း။  ။