Skip to main content

ပြင်ဦးလွင်မြို့တွင် ရာသီဥတုနှင့်ကိုက်ညီသည့် ပြည်ပမှပန်းမျိုးစေ့များ အများဆုံး စိုက်ပျိုးထုတ်လုပ်၍ နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ရန်ကုန် ဇွန် ၂၀

မြန်မာနိုင်ငံတွင် ပန်းမျိုးစိတ်နှင့် ပန်းအများဆုံး စိုက်ပျိုးထွက်ရှိရာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ ဒေသမျိုးရင်းများအပြင် ရာသီဥတုနှင့်ကိုက်ညီသည့် ပြည်ပမှ ပန်းမျိုးစိတ်များကို အများဆုံး စိုက်ပျိုးထုတ်လုပ်၍ နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တင်ပို့လျက်ရှိ

ပြင်ဦးလွင်မှ ထွက်ရှိသောပန်းများကို ဘုရားပန်း၊ အခမ်းအနားပွဲများ၊ အလှူပွဲများ၊ မင်္ဂလာအခမ်းအနားများ၊ ပန်းအလှဆင်ခြင်းနှင့် နေ့စဉ်ကဏ္ဍစုံ၌ အသုံးပြုကြလျက်ရှိရာ လိုအပ်သော အသုံးပြုမှုပေါ်မူတည်၍ ပန်းအမျိုးအစားနှင့် ဈေးနှုန်းကွဲပြားပြီး ဒေသမျိုးရင်းထက် နိုင်ငံခြားမျိုးများ အရောင်းအဝယ်ကောင်းလျက်ရှိကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့မှ တနင်္သာရီတိုင်းဒေသကြီးသို့ အများဆုံးတင်ပို့လျက်ရှိသည်။ ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးခြံများနှင့် ပန်းဥယျာဉ်များက ဂျပန်၊ တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ပန်းမျိုးစေ့နှင့် ပျိုးပင်များကို မှာယူစိုက်ပျိုးလေ့ရှိပြီး မျိုးစေ့ ၁၀၀ ရာခိုင်နှုန်းတွင် ၈၀ ရာခိုင်နှုန်း ရှင်သန် ပေါက်ရောက်လေ့ရှိသည်။ ပျိုးပင်များစိုက်ပျိုးရာ၌ ထိုနိုင်ငံမှမြေဆီကို သုံးစွဲရလေ့ရှိပြီး နည်းပညာဖြည့်ဆည်းနိုင်ပါက ပိုမိုအောင်မြင်ဖြစ်ထွန်းမည်ဖြစ်၍ ယခုအခါ ဒေသမြေဆီလွှာနှင့် ကိုက်ညီသည့် ပြည်ပမျိုးစေ့များကို စိုက်ပျိုးအသုံးပြုကြလျက်ရှိသည်။

နည်းပညာနဲ့ပံ့ပိုးမှုလို

“ယခင်က ကျူးလစ်ပန်းဆိုရင် မျိုးစေ့ကို အင်္ဂလန်ကမှာယူပြီးစိုက်ကြတယ်။ အခု တရုတ်နိုင်ငံ ကမှာယူပြီး စိုက်တာများတယ်။ ပြင်ဦးလွင်မှာစိုက်ပျိုးကြတဲ့ ပန်းမျိုးစိတ်အများစုဟာ ဂျပန်၊ ထိုင်းနဲ့ တရုတ်နိုင်ငံကမှာယူပြီး စိုက်ကြတာများပါတယ်။ ဒေသမျိုးရင်းတွေနဲ့ ပြည်ပမျိုးကိုပွားပြီး ပန်းမျိုးစိတ် အသစ်တွေထုတ်ယူဖို့ ဒေသမျိုးရင်းတွေကို အဆင့်မြှင့်တင်မယ်ဆိုရင် အဓိကနည်းပညာနဲ့ပံ့ပိုးမှု လိုမှာပါ။ တစ်နိုင်ငံလုံးကို ပြင်ဦးလွင်က ပန်းမျိုးစုံ ဖြန့်ဖြူးနေတာဖြစ်တဲ့အတွက် ပန်းမြို့တော်ရဲ့ရုက္ခဗေဒစနစ် ဖွံ့ဖြိုးကြွယ်ဝဖို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် တရုတ်နိုင်ငံလို ပြည်ပကို ပန်းမျိုးစုံတင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေ ရရှိလာမှာပါ။ ပန်းမျိုးစုံစိုက်ပျိုးတဲ့ မြို့အဖြစ် ကမ္ဘာကလည်း ပိုသိလာစေမှာပါ။ ပြင်ဦးလွင်မှာ နွေ၊ မိုး၊ ဆောင်းရာသီမပြတ် ပန်းစိုက်ပျိုး ထွက်ရှိတဲ့အတွက် နိုင်ငံအတွက်၊ မြို့ပြအတွက်လည်း ဂုဏ်ယူရပါတယ်” ဟု ပြင်ဦးလွင်မြို့ ဒီဇင်ဘာ ပန်းဥယျာဉ်မှ စိုက်ပျိုးရေးတာဝန်ခံ ဒေါ်ရွှေရီထွန်းကပြောသည်။

တရုတ်နိုင်ငံတွင် ပန်းရောင်းဝယ်ရေးစင်တာကို ဖွင့်လှစ်ထားရှိပြီး ပန်းများအရည်အသွေးတိုးတက်ရေး၊ ပန်းမျိုးစိတ်သစ်များ သုတေသနပြုလုပ်ခြင်းနှင့် ပန်းမျိုးစိတ်များ တိုးမြှင့်ရေး၊ ပန်းဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်ဝန်ဆောင်မှုများ ပံ့ပိုးပေးရေး၊ နည်းပညာထောက်ပံ့ရေး၊ ငွေကြေးနှင့်ပို့ဆောင်ရေးကဏ္ဍတို့ကို ထောက်ပံ့ကူညီလျက်ရှိကာ ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံးနှင့် အာရှတွင် အကြီးဆုံးပန်းကုန်သွယ်ရေးစင်တာ တစ်ခုဖြစ်လာ၍ နေ့စဉ် နိုင်ငံပေါင်း ၄၀ ကျော်သို့ ပန်းများတင်ပို့ရောင်းချလျက်ရှိရာ ပန်းမျိုးစုံလင်စွာစိုက်ပျိုးထွက်ရှိရာ ပြင်ဦးလွင်မြို့မှလည်း အာဆီယံနိုင်ငံများသို့ ပန်းနှင့်သစ်ခွမျိုး စိတ်သစ်များ တင်ပို့နိုင်သော အခွင့်အလမ်းကောင်း များစွာပွင့်လန်းလျက်ရှိသည်။

ပန်းမြို့တော်ဖြစ်သော ပြင်ဦးလွင်မြို့တွင် မိုးရာသီ၌ ထပ်တစ်ရာ၊ ချစ်တီး၊ မော်လမြိုင်၊ ပင်စိမ်း (နီ/ပြာ)၊ ဒေလီယာ၊ ကြက်မောက်၊ ကီမိုနိုကြက်မောက်၊ မညိုးလုံး၊ ဒေါင်ဖန်ဝါ၊ တောင်ကြီးဒေစီ၊ ဒန်း၊ နေကြာ၊ ပင့်ကူ၊ ဘောလုံးပန်း၊ ကျောက်ချဉ်၊ ကညွတ်၊ တေးသီငှက်၊ Rudbeckia ၊ Torenia စသည့်ပန်းများကို အများဆုံးစိုက်ပျိုးကြပြီး ဆောင်းရာသီ၌ ဆောင်းနှင်းဖြူ၊ ဆောင်းနှင်းဝါ၊ ငွေနှင်းမှုန်၊ သရက်ထည်၊ ဆောင်တော်ကူး၊ ဇော်မွှား၊ ပင်စိမ်း (နီ/ပြာ)၊ ဒေလီယာ၊ ချစ်တီး၊ ကြက်မောက်၊ ဒဏ္ဍာရီ၊ ရွှေတစ်ဆုပ်၊ ခြောက်လပန်း၊ ကျားပါးစပ်၊ နန်းထိုက်သူ၊ Platyoodon၊ Torenia၊ Rudbeckia တို့ကို စိုက်ပျိုးကာ နွေရာသီ၌ ပန်းခြောက်၊ ထပ်တစ်ရာ၊ ဒေလီယာ၊ နန်းထိုက်သူ၊ ရွှေတစ်ဆုပ်(လိမ္မော်/ဝါ)၊ ပုစွန်ထုပ်၊ ချစ်တီး၊ ကျားပါးစပ်၊ နှဲ၊ ဇော်မွှား၊ Aster၊ Verbana၊ Vinca၊ Torenia၊ Stock၊ Pentas၊ Lobelia၊ Osteos permun၊ Viola၊ Cuphea ၊ Digitalis၊ Pansy၊ Gozania၊ Geranium၊ Gerbera နှင့် Gypsophila စသည့် ပန်းမျိုးစိတ်တို့ကို ရာသီမပြတ် စိုက်ပျိုး ထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - msyt