တောင်ကြီး ဇွန် ၂၀
ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ ပထမအကြိမ် ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သည် ရှမ်းပြည်နယ်အတွင်း ပထမအကြိမ်ကျင်းပသည့် ပွဲတော်ဖြစ်ပါကြောင်း၊ ယနေ့ပွဲတော်သည် ကျောင်းသား/သူများကို ငယ်စဉ်ကတည်းက စာဖတ်တတ်သည့် အလေ့အကျင့်ရအောင် မျိုးစေ့ချပေးခြင်းဖြစ်သည့်အတွက် ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်များကို ဆက်လက်၍ရှင်သန်ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများကို ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်အတွက် လေ့ကျင့်ပျိုး ထောင်ပေးကြရန် မှာကြားလိုပါကြောင်း၊ ဆက်လက်ကျင်းပဆောင်ရွက်မည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျောင်းသား/သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနများနှင့်အတူ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ စာပေပညာရှင်များ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ရာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်ဉပဒေချုပ် ဦးစိုင်းကျော်ဇံက အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အမျိုးသမီးကော်မတီ နာယက ဒေါ်ညိုမီစောက အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်ဇင်ဝေလှိုင်က မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၏ဇနီး ဒေါ်ဖြိုးပပငြိမ်းက စေတနာရှင်၊ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်သီတာဦးက စာပေဟောပြောပွဲတွင် ဟောပြောပေးခဲ့ကြသည့် စာပေပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၏ဇနီး ဒေါ်နီနီက ပြိုင်ပွဲတွင်ကူညီဆောင်ရွက်ပေးခဲ့ကြသော အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်းနှင့် ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(၅) ကျောင်းများအတွက် သုတ၊ ရသစာအုပ်များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် အ.ထ.က ပန်သခွားမှ နန်းကြယ်စင်ဖြိုးက သရုပ်ပြတင်ဆက်ပြီး ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်သည်တော်များ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ရှမ်းပြည်နယ်အတွင်း စုစုပေါင်း (၁၃) ကြိမ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း