တောင်ကြီး ဇွန် ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပလျက်ရှိရာ ပထမအကြိမ် ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အား အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဒေါ်ခင်သိန်းခန်းမ၌ ယမန်နေ့ နံနက် (၈) နာရီ အချိန်က ကျင်းပသည်။
အဆိုပါပွဲတော်နှင့်စပ်လျဉ်း၍ ရင်တွင်းစကားသံများအား ယခုကဲ့သို့ ကြားသိရသည်။
ဒေါ်စံပယ်စိုး၊ ကျောင်းအုပ်ကြီး၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း
ဒီကနေ့ကျင်းပပြုလုပ်တဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနဲ့ ကျွန်မတို့အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီကနေ့ပွဲတော် အနေနဲ့ စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများနဲ့ ကစာပွဲများအနေနဲ့ စကားပုံဆက်ပြိုင်ပွဲ၊ မြှားပြစ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စက်ဝိုင်းလှည့်ပြိုင်ပွဲ၊ ခါးလှည့်အားကစားပြိုင်ပွဲ၊ ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲ များကို ကျင်းပပေးတဲ့အပြင် စာအုပ်စာစောင်နှင့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲများကို ကျင်းပဆောင်ရွက်ပေးခဲ့ပါတယ်။ ပြိုင်ပွဲတွေကိုတော့ အ.ထ.က (၁) မိသားစုကျောင်း စုစုပေါင်း (၉၀)ကျော်က ရွေးထုတ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ စာစီစာကုံးပြိုင်ပွဲမှာဆိုရင် ကျောင်းသားကျောင်းသူ (၂၇)ဦး၊ ကျပန်းစကားပြောပြိုင်ပွဲမှာဆိုရင် ကျောင်းသား၊ ကျောင်းသူ (၂၇)ဦး၊ ပုံပြင်ပြောပြိုင်ပွဲမှာဆိုရင် ကျောင်းသား၊ ကျောင်းသူ (၂၇)ဦး၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲမှာဆိုရင် ကျောင်းသားကျောင်းသူ (၄၅) ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲမှာဆိုရင် ကျောင်းသား၊ ကျောင်းသူ (၄၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ဒါအပြင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကိုလည်း ကျောင်းသား၊ ကျောင်းသူများ ငှားရမ်းဖတ်ရှုနိုင် အောင် စီစဉ်ဆောင်ရွက်ပေးထားတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေတွေကို စိတ်ပါဝင်စားစွာ လေ့လာငှားရမ်းဖတ်ရှုကြတာကို တွေ့မြင်ရပါတယ်။ ဒီလိုပွဲတွေပြုလုပ်ပေးတဲ့ အတွက် ကျောင်းသားကျောင်းသူတွေ စာအုပ်စာပေတွေကို စိတ်ဝင်စားလာတဲ့အတွက် စာဖတ် စွမ်းရည်တွေမြင့်မားလာမှာ ဖြစ်ပါတယ်။ အသိပညာအတတ်ပညာ တိုးပွားလာတာနဲ့ တစ်ပြိုင်ထဲ ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေလည်း မြင့်မားလာမှာ ဖြစ်ပါတယ်ရှင့်။
ဦးစိုးညွန့်ရွှေ၊ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး
ဒီကနေ့ကျင်းပတဲ့အခမ်းအနားကတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ကျွန်တော်တို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးတော့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်းဖြစ်ပါတယ်။ ဒါကတော့ ရှမ်းပြည်နယ်မှာ ပထမအကြိမ်ဆောင်ရွက်တဲ့ပွဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း အ.ထ.က (၂)နဲ့ အ.ထ.က (၅) မှာ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒီကနေ့ပွဲတော်မှာဆိုရင် စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲ စသဖြင့် ပြိုင်ပွဲ (၅)မျိုးနဲ့ ကလေးတွေစာအုပ်စာပေနဲ့ နီးစပ်အောင် စာအုပ်ပြပွဲမှာဆိုရင် စာအုပ် ၁၇၀၀ ကျော် ပြသထားပါတယ်။ စာအုပ်ပြပွဲနဲ့အတူ “လှပသာယာပြည်မြန်မာ” ခေါင်းစဉ်နဲ့ ဓာတ်ပုံ ပြပွဲကိုလည်း ခင်းကျင်းပြသထားပါတယ်။ ဒီပွဲတော်ကို လာရောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပျော်ရွှင်စွာကစားနိုင်ဖို့အတွက် စကားပုံဆက်ပြိုင်ပွဲ၊ မြှားပြစ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စက်ဝိုင်းလှည့် ပြိုင်ပွဲ၊ ခါးလှည့်အားကစားပြိုင်ပွဲ၊ ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲ စတဲ့အားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးထားပါတယ်။ ဒီပွဲတော်ကိုတော့ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနဲ့ ကျောင်းသားလူငယ်များ စာဖတ်တဲ့အလေ့အထမှာ ပျော်မွေ့လာစေဖို့ ရည်ရွယ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်တဲ့ ယဉ်ကျေးမှုတစ်ခု ပေါ်ထွန်းလာစေဖို့အတွက် ဒီလိုပွဲတော်တွေကို ကျင်းပဆောင်ရွက်ရခြင်းပဲ ဖြစ်ပါတယ်ခင်ဗျ။
ဒေါ်မေမေနီ၊ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း၊
ဒီလိုစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအနေနဲ့ လည်း များစွာဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပ ပြုလုပ်တဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဟာ ဆိုရင်လည်း အရှိန်အဟုန်နဲ့တိုးတက်လာတာကို တွေ့မြင်ရပါတယ်။ နိုင်ငံတော်နဲ့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကို လည်း ကျေးဇူးတင်ပါတယ်။ ဒီနေ့ လူကြီးတွေနဲ့ ကလေးတွေဟာ စာကြည့်တိုက်ကို အကျိုးရှိရှိ အသုံးချလာမယ်ဆိုရင် နိုင်ငံတော်တိုးတက်ဖို့အတွက် အများကြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒီနေ့ပွဲတော်ကိုကြည့်တဲ့အခါမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း အများကြီးအထောက်အကူပေး ထားတဲ့အတွက် ပိုပြီးတော့အောင်မြင်နေတာကိုလည်းတွေ့ရပါတယ်။ ဖွင့်ပွဲအခမ်းအနားပြီးတာနဲ့ ပညာနဲ့ဆိုင်တဲ့ပြိုင်ပွဲတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ ပျော်ရွှင်စေဖို့အတွက် ပျော်ပွဲရွှင်ပွဲတွေ၊ အသိပညာတိုးပွားစေဖို့ စာအုပ်စာစောင်နဲ့ ဓာတ်ပုံပြပွဲတွေကိုလည်း ပြည့်ပြည့်စုံစုံ ဆောင်ရွက် ပေးထားတဲ့အတွက် အောင်မြင်တဲ့ပွဲတစ်ခုလို့ ခံစားမိပါတယ်။ အခုလို ပွဲတော်တွေ ပြုလုပ်ပေးတဲ့ အတွက် ရှမ်းပြည်နယ်မှာရှိတဲ့ စာကြည့်တိုက်တွေကို လူကြီးလူငယ်အားလုံး စိတ်ဝင်စားကာ ပိုမိုအသုံးချတတ်လာပြီး စာကြည့်တိုက်တွေ ဒီထက်မကတိုးတက်အောင်မြင် လာမယ်လို့ ယုံကြည်ပါ တယ်ရှင့်။
မပြည့်ဖူးသွယ်၊ Grade-9 ၊ အ.ထ.က (၁) တောင်ကြီး
သမီးတို့ကျောင်းမှာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပေးနေတာဖြစ်ပြီးတော့ အခုလိုစာပေ ဟောပြောပွဲကို တက်ရောက်နားထောင်ရတဲ့အတွက် အသိပညာဗဟုသုတတွေ အများကြီးရရှိပါ တယ်။ စာစီစာကုံးရေးသားတဲ့နေရာမှာလည်း အထောက်အကူအများကြီးရပြီး စာအုပ်စာပေဖတ်ရှု လေ့လာချင် စိတ်တွေအများကြီးတိုးပွားလာပါတယ်။ လူငယ်တိုင်းကိုလည်း စာအုပ်စာပေကောင်းတွေ များများလေ့လာ ဖတ်ရှုစေချင်ပါတယ်။ ဖုန်းသုံးတာတွေကိုလျော့ပြီး စာအုပ်စာပေတွေ လေ့လာဖတ်ရှု မယ်ဆိုရင် အကျိုးကျေးဇူးများစွာ ရရှိမှာပဲဖြစ်ပါတယ်ရှင့်။
မောင်ဘုန်းထက်စံ၊ Grade-10၊ အ.ထ.က (၇) တောင်ကြီး၊
ဒီကနေ့ပွဲတော်မှာ ကျွန်တော် ကျပန်းစကားပြောပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ဒီလိုပွဲတော် မျိုးတွေပြုလုပ်ပေးတဲ့အတွက် များစွာအကျိုးကျေးဇူးရရှိပါတယ်။ ဒီပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် စာကြည့်တိုက်မှာ စာအုပ်စာပေတွေ အများကြီး ရှာဖွေဖတ်ရှုလေ့လာရပါတယ်။ အိမ်မှာ ဆိုရင်လည်း စာအုပ်စာပေတွေ အများကြီးလေ့လာဖတ်ရှုဖြစ်ပါတယ်။ ကျပန်းစကားပြောပြိုင်ပွဲ မှာဆိုရင် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ တစ်ယောက်နဲ့တစ်ယောက် အကြောင်းအရာ မတူညီကြတဲ့အတွက် တစ်ခြားကျောင်းသား၊ ကျောင်းသူတွေ ဝင်ရောက်ယှဉ်ပြိုင် ထားတဲ့ အကြောင်းအရာတွေကိုလည်း နားထောင်နိုင်ပြီး ဘဝအတွက် ဘယ်လိုနေထိုင်ရမယ်၊ လူတော်လူကောင်းဖြစ်ဖို့ ဘယ်လိုကြိုးစားရမယ် စတဲ့ဗဟုသုတအကျိုးကျေးဇူးများစွာရရှိပါတယ်။ အိမ်မှာနဲ့ ကျောင်းစာကြည့်တိုက်တွေမှာ စာအုပ်စာပေတွေဖတ်ရှုရတယ်ဆိုပေမယ့် အရေအတွက် နည်းတဲ့အတွက် စာအုပ်စာပေတွေ အစုံအလင်မဖတ်ရှုနိုင်ပါဘူး၊ ဒီနေ့ကျင်းပတဲ့ပွဲမှာ စာအုပ်စာပေ ကောင်းတွေ အများကြီးတွေ့ရှိရပြီး အများကြီးဖတ်ရှုခွင့်ရတဲ့အတွက် ယခင်ကထက် အသိပညာ ဗဟုသုတတွေ ပိုမိုတိုးပွားလာပါတယ်ခင်ဗျ။
မနိုနိုမိုးထက်၊ Grade-5၊ အ.လ.က (၅) တောင်ကြီး။
ဒီကနေ့ပွဲတော်မှာဆိုရင် သမီးက ကဗျာရွတ်ဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အခုလို ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အတွက် အရမ်းကိုပျော်ရွှင်မဆုံး ဖြစ်နေရပါတယ်။ ဒီပြိုင်ပွဲမှာ ဆုရမယ်လို့ ယုံကြည်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဒီကနေ့ပွဲတော်မှာ ပြိုင်ပွဲတွေကို ထည့်သွင်း ကျင်းပပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ သမီးအရင်က စင်ပေါ်တက်ပြီး ပြိုင်ပွဲတွေ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ဖူးပါဘူး၊ ယခုလိုပြိုင်ပွဲကျင်းပပေးတဲ့အတွက် သမီးအနေနဲ့ ရဲရင့်စွာစင်ပေါ်ကို တက်ပြီးတော့ ယှဉ်ပြိုင်တတ်လာပြီး ပြိုင်ပွဲဝင်သူငယ်ချင်းတွေအားလုံးလည်း စင်ပေါ်တက်ပြီး ရဲရဲဝံ့ဝံ့ ဝင်ရောက်ယှဉ်ပြိုင်နေကြတာကိုလည်း တွေ့မြင်ရပါတယ်ရှင့်။
တွေ့ဆုံမေးမြန်းသူ - ဦးဇော်နိုင်လင်း