မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကာလမှစ၍ ယနေ့ထက်တိုင်အောင် လက်နက်ကိုင်ပဋိပက္ခသံသရာထဲတွင် ဝဲလည်နေရဆဲဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခ၏ ဆိုးမွေများကို သမိုင်းတစ်လျှောက်နှင့် ပြည်သူအဆက်ဆက် ခံစားခဲ့ရပြီးဖြစ်၍ ငြိမ်းချမ်းရေးကို အားလုံးမျှော်လင့်နေကြသည်။ ကမ္ဘာပေါ်ရှိ လက်နက်ကိုင်ပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရသည့် နိုင်ငံများသည်ပင် ယခုအခါ ငြိမ်းချမ်းရေးကို ခိုင်မာစွာတည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ တက်လှမ်းနေကြပြီဖြစ်သည်။
လူမျိုးစွဲ၊ ဝါဒစွဲ၊ အတ္တစွဲများကြီးမားပြီး လက်နက်ကိုင်ပဋိပက္ခများ အားကောင်းနေသရွေ့ ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေမည်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများ အရှိန်လျော့ပြီး အတ္တ၊ မာန၊ အစွဲများ လျှော့ချလိုသည့်အခါမှသာ ငြိမ်းချမ်းရေးလည်း ပေါ်ထွန်းလာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပထဝီအနေအထားနှင့် တိုင်းရင်းသားလူမျိုးတစ်ရာကျော်ရှိနေသည့် အနေအထားအရ စည်းလုံးညီညွတ်မှု ခိုင်မြဲစွာတည်ဆောက်ရေး၌ စိန်ခေါ်မှုများစွာရှိနေသည်။ ခေတ်အဆက်ဆက်ငြိမ်းချမ်းရေးကို ကြိုးပမ်းအားထုတ်ခဲ့သော်လည်း လက်နက်ကိုင်လမ်းစဉ် အားကောင်းလာနိုင်သည့် အကြောင်းအမျိုးမျိုးတို့ရှိနေသဖြင့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသည်ဟု ဆိုနိုင်သည်။
မြန်မာနိုင်ငံတွင် NCA ကဲ့သို့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ကောင်းများ ချမှတ်ဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲကို အခွင့်ကောင်းယူလျက် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ယာယီအားဖြင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် NCA သဘောတူညီချက်များအား ချိုးဖောက်လာခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ ထိုသို့ချိုးဖောက်မှုများရှိသော်လည်း တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် တတိယအချက်ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မိမိတို့အနေဖြင့် တိုင်းရင်းသားပေါင်းစုံ အတူတကွပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စုအကျိုးကိုကြည့်၍ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိပြီး ခုခံကာကွယ်သည်မှအပ ၎င်းတို့၏တပ်စခန်းများကို တိုက်ခိုက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မကြာမီကာလအတွင်း နိုင်ငံရေးပါတီများ၊ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၄) တွင် ပြောကြားခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီနောင်များဖြစ်၍ ယုံကြည်ချက်၊ ခံယူချက်၊ သဘောထားများ မည်သို့ပင်ရှိသော်လည်း ပြည်ထောင်စုကြီးအကျိုးကို အလေးအနက်ထားကြရမည်ဖြစ်သည်။ တပ်မတော်သည် ပြည်ထောင်စုကြီးအတွင်းမှ ပေါက်ဖွားလာသည့် ပြည်ထောင်စုသားများပင်ဖြစ်၍ ပြည်ထောင်စုသားအချင်းချင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ချင့်ချင့်ချိန်ချိန် ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ ပဋိပက္ခများ မည်သို့ပင်ဖြစ်ပေါ်နေသော်လည်း သဘောတူညီထားသည့် NCA စာချုပ်ပါအတိုင်း အလေးထားလိုက်နာဆောင်ရွက်လျက်ရှိသည်။ လိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းနေသရွေ့ မည်သည့်အခါတွင်မှ ပန်းတိုင်သို့ ရောက်ရှိမည်မဟုတ်ပေ။ နောက်ဆုံးတွင် နှစ်ဦးနှစ်ဖက်သာ ကြေကွဲပျက်စီးရသည်ကို လတ်တလော နိုင်ငံတကာပဋိပက္ခများ၌ အထင်အရှား တွေ့မြင်နိုင်သည်။
လက်ရှိတွင် နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ ဘေးပယောဂများ၊ နိုင်ငံရေးအမြတ်ထုတ်လိုသူများနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ငြိမ်းချမ်းရေးအခြေအနေကောင်းများ ကြိုးပမ်းဖော်ဆောင်ထားသည်များကို ချေဖျက်ပြီး တိုက်ကွက်များ ပြန်လည်ဖော်ဆောင်လာခဲ့သည်။ ဆယ်စုနှစ်များစွာ ငြိမ်းချမ်းသာယာနေသော ဒေသအချို့တွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားသောကြောင့် ဒေသခံပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအဘက်ဘက်တွင် နစ်နာဆုံးရှုံးခဲ့ရသည်သာမက အသက်အိုးအိမ်စည်းစိမ်တို့ပါ ပျက်စီးဆုံးရှုံးခဲ့ရသည်ကို စိတ်မကောင်းဖွယ် မြင်တွေ့ကြားသိနေရသည်။
ထို့အပြင် အများပြည်သူအသုံးပြုသည့် လမ်းတံတားများအပါအဝင် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရာ လက်နက်ကိုင်ပဋိပက္ခများနှင့် တိုက်ရိုက်မထိတွေ့သော်လည်း တည်ငြိမ်အေးချမ်းသည့် မြို့ရွာများမှ ပြည်သူများလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် ပြတ်တောက်မှုများ ကြုံတွေ့နေရသည်။ ငြိမ်းချမ်းရေးမရရှိသမျှ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဖြစ်မလာနိုင်ဘဲ အခက်အခဲအမျိုးမျိုးတို့ကို တိုင်းရင်းသားပြည်သူအားလုံး ခံစားကြရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိမှ ဖွံ့ဖြိုးမှုများအားလုံးရရှိပြီး မျှော်မှန်း ထားသည့် ဒီမိုကရေစီခရီးလမ်းကို ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် အဓိကဖြစ်၍ နိုင်ငံရေးကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ လမ်းဖွင့်ပေးထားသော ငြိမ်းချမ်းရေးခရီးတွင် အားလုံးပါဝင်လျှောက်လှမ်းကြဖို့ ဖိတ်ခေါ်လိုက်ရပါကြောင်း။ ။