နေပြည်တော် ဇွန် ၁၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ နိုင်ငံ့လက်ရွေးစင်အဆင့်ထိ ရောက်ရှိအောင် မိမိဝါသနာပါသည့် အားကစားကို ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားသွားရန်တိုက်တွန်းမှာကြားပြီး စဉ့်ကိုင်မြို့နယ် အားကစားကွင်း၊ ကျောက်ဆည်ခရိုင် အားကစားကွင်းနှင့်အားကစားရုံများကို လိုက်လံကြည့်ရှု စစ်ဆေးကာဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြစ်သားမြို့နယ်ရှိ ကူမဲမြို့အားကစားကွင်း၊ ဝမ်းတွင်းမြို့ အားကစားကွင်း၊ အားကစားရုံနှင့် မိတ္ထီလာခရိုင်အားကစားကွင်းနှင့် အားကစားရုံတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်သူများ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ လာရောက်လေ့ကျင့်ကစားနိုင်စေရေး ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားမှုတို့ကို ဆက်တိုက်လုပ်ဆောင်သွားရန် မှာကြားသည်။
ဇွန် ၁၄ ရက်ကလည်း ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ခြောက်ထပ်ဈေးဆောက်လုပ်မည့်ပစ္စည်းများ ထားသိုသိမ်းဆည်းရန်နေရာနှင့် ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းရှိ အားကစားရုံနှင့် အားကစားကွင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇွန် ၁၃ ရက်နံနက်ပိုင်းကလည်း မန္တလေးတောင်ခြေရှိ ရွှေမန်းတောင် အားကစားကွင်းနှင့် အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာ အားကစားကွင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ ရေရှည်တည်တံ့စေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကြက်တောင် အားကစားခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ လိုအပ်ချက်နှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မန္တလာသီရိအားကစားကွင်းရှိ အားကစားကွင်း၊ အားကစားရုံများ၊ ဂေါက်လေ့ကျင့်ရေးကွင်းနှင့် အမျိုးသမီးဘောလုံးအကယ်ဒမီဖွင့်လှစ်နိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်အတူ အဆောက်အအုံဆောက်လုပ်မည့်မြေနေရာကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်