မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်ပါမှ နိုင်ငံ၏ GDP တိုးတက်လာပြီး စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများတိုးတက်ကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာပြီး နိုင်ငံ့စီးပွားရေးလည်း မြင့်မားလာမည်ဖြစ်သည်။
နိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သတ်မှတ်ထားသည့် တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် သီးထပ်စွမ်းအားများ တိုးတက်လာအောင် ဆောင်ရွက်နိုင်ပါမှ စိုက်ပျိုးရေးကဏ္ဍများစွာတိုးတက်လာပြီး ပို့ကုန်ဝင်ငွေများ ပိုမိုရရှိလာမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင်ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ပြည်ပမှ စီးပွားရေးနှင့်ပတ်သက်၍ ပိတ်ဆို့မှုများရှိခြင်း၊ နယ်စပ်ကုန်သွယ်tရေး ထိခိုက်စေရန် အကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် ကုန်ထုတ်စွမ်းအား လျော့နည်းမှုများရှိခဲ့သည်။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဇွန်လ ၁၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထူးခြားသောဝိသေသများကို ပိုင်ဆိုင်ထားသည့် မိတ္ထီလာခရိုင်ကို စံနမူနာပြထား၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင် ဒေသဆိုင်ရာအချက်အလက်များပေါ်တွင် အခြေခံ၍ ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို စနစ်တကျတွက်ချက်လေ့လာပြီး ဆန်းစစ်ရရှိသည့် စာရင်းဇယားအချက်အလက်များဖြင့် ဒေသဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
မိတ္ထီလာခရိုင်သည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကဆောင်ရွက်သည့် ခရိုင်ဖြစ်သည်။ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ဝါစိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက်ကွာဟနေသည်ကို တွေ့ရသည်။ စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်းဟူသည့် နည်းလမ်းလေးသွယ်ရှိပြီး မျိုးကောင်းမွန်ရန်၊ မြေပြုပြင်ရန်၊ သွင်းအားစုမှန်ကန်ရန်၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိရန်လိုအပ်သည်။ မြေကောင်းမွန်မှုမရှိ၍ လိုအပ်သည့်သွင်းအားစုများ ပြည့်မီအောင်ထည့်သွင်းခြင်း၊ နည်းလမ်းရှာ၍ မြေဆီလွှာကောင်းမွန်အောင် မြေပြုပြင်ဆောင်ရွက်ခြင်းတို့ အားနည်းခဲ့သဖြင့် ပန်းတိုင်ရည်မှန်းချက်မပြည့်မီဘဲ ဒေသဝင်ငွေ ထိခိုက်စေသည်ကို တွေ့ရှိရသည်။
ပန်းတိုင်အထွက်နှုန်း လျော့နည်းခဲ့သောကြောင့် ဒေသအတွက် ဝင်ငွေကျပ်သန်း ပေါင်းများစွာ ထိခိုက်နစ်နာခဲ့သဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ပြီး ခရိုင်၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို လက်တွေ့လေ့လာဆန်းစစ်ချက်များအရ တွေ့ရှိရသည်။ မိတ္ထီလာဒေသတွင် ဆီထွက်သီးနှံများ စိုက်ပျိုးကြပြီး ဆီအစားထိုးသီးနှံများဖြစ်သည့် ပဲပုပ်နှင့် နေကြာများ စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက ဆီအထွက်နှုန်းတိုးတက်လာပြီး စီးပွားရေးတွက်ခြေကိုက်မည်ဖြစ်သည်။ ဝါသည် အခြားသီးနှံများနှင့်မတူသည့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။
မိတ္ထီလာခရိုင်သည် ဝါသီးနှံအတိုင်းအတာတစ်ခုအထိ ထွက်ရှိသည့်ဒေသဖြစ်သဖြင့် ဝါနှင့်ပတ်သက်သည့် ကုန်ထုတ်လုပ်ငန်းနှင့်စက်ရုံများ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ A Grade အဆင့်ရှိသည့်ချည်များ ထုတ်လုပ်နိုင်ရေး ဝါမျိုးကောင်းမျိုးသန့်များရရှိရန်၊ စိုက်နည်းစနစ်များမှန်ကန်ရန် လိုအပ်မည်ဖြစ်သည်။ ထွက်ရှိလာသည့် ဝါဂွမ်းများမှ အဆင့်မီချည်ထည်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ အထည်အလိပ်နှင့် ချည်ထည်များ တင်သွင်းနေရမှုကို လျှော့ချနိုင်ပြီး ပြည်တွင်းလိုအပ်ချက်ပြည့်မီပါက ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒေသတွင်းဖြစ်ထွန်းသည့် ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို ယခုထက်တိုးတက်အောင်မြင်အောင် ဦးဆောင်ဒေသတစ်ခုအဖြစ် ဆောင်ရွက် ခြင်းဖြင့် ဒေသလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ဒေသတွင်းစားရေးအတွက် လိုအပ်ချက်များကို ပြင်ပမှ မှာယူစားသုံးသဖြင့် ဒေသတွင်းလည်ပတ်သုံးစွဲငွေ ပြင်ပသို့ရောက်ရှိသွားမည်ဖြစ်သဖြင့် ဒေသ၏စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ဒေသတွင်း၌ စားရေရိက္ခာ လိုအပ်ချက်များပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လိုအပ်ချက်များကို တတ်နိုင်သမျှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတစ်ခု တိုးတက်ရေးအတွက် ဒေသခံများ၏ ကြိုးပမ်းအားထုတ်မှုသည် အဓိကကျသည်ဖြစ်ရာ ရှိပြီးဖြစ်သည့် အခြေခံကောင်းများကိုအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။