Skip to main content

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန်ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုတို့မှ ကျူးလွန်သူတရားခံ ၁၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၅

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲတိုက်ခိုက်မှုများ ကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့ပေါ်၌ ပြည်သူများအား အထိတ်တလန့်ဖြစ်စေရန် ရည်ရွက်ချက်ဖြင့် ဖောက်ခွဲရေးသုံးပစ္စည်းများဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဇွန် ၁၂ ရက်ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မဟာမြိုင်(၂) ရပ်ကွက်၊ ၄၃ (အေ)လမ်း၊ ၆၁ လမ်းထောင့်ရှိ Royal Star စားသောက်ဆိုင်ရှေ့ တွင် အမျိုးသားနှစ်ဦးမှ လက်ပစ်ဗုံးတစ်လုံးနှင့် ဓားမြှောင်တစ်ချောင်းတို့ကို ကိုင်ဆောင်၍ ဆိုင်ဝန်ထမ်းများအား ရန်ရှာခြိမ်းခြောက်နေကြောင်းသတင်းအရ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လက်ပစ်ဗုံးဖြင့်ဖောက်ခွဲရန် ခြိမ်းခြောက်ခဲ့သူ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက် ဒ-၉/၁၀၆ နေ ဝင်းမြိုင် (၅၆)နှစ်၊ (ဘ) ဦးချစ်ခင် အား MG-1 လက်ပစ်ဗုံးတစ်လုံး၊ အရိုး အသွား ၁၃ လက်မခန့်ရှိ ဓားအိမ်ပါ ဓားဦးချွန်တစ်ချောင်းဖြင့်လည်းကောင်း၊ ဓားဦးချွန်ကိုင်ဆောင် ခြိမ်းခြောက်ခဲ့သူ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာရှိ အောင်မြေမန္တလာဝန်ထမ်းအိမ်ရာနေ ကျော်ဇေယျာ (၃၉)နှစ်၊ (ဘ)ဦးကျော်ဌေးအောင်အား ဓားဦးချွန်တစ်ချောင်းဖြင့်လည်းကောင်း ဇွန် ၁၃ ရက် နံနက် ၁ နာရီတွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ်ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များအတွင်း လုယက်မှုများအကြိမ်ကြိမ်ကျူးလွန်ခဲ့သူ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး(ခ) ရှရစ်ဘိုင်(၃၂)နှစ်၊ (ဘ)ဦးအောင်သန်းအား ဇွန် ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဘုံးအိုးကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိနိုင်ရေး

စစ်ဆေးချက်အရ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး (ခ)ရှရစ်ဘိုင်သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များအတွင်း ခိုးမှုနှင့်လုယက်မှု နှစ်မှုတို့ဖြင့် ထောင်ဒဏ်လေးနှစ်ကျခံခဲ့ရဖူးသူဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် မေလအတွင်း ၎င်းသည်ဖမ်းဆီးရန်ကျန်တရားခံ ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာနေ မျိုးမင်းလတ်နှင့်အတူ အမရပူရမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကျောက်စိမ်းဘုရားအနီး၊ စွယ်တော်ဘုရားအရှေ့ဘက်ပွဲရုံ တိုက်တန်းအနီး၊ မြစ်ငယ်-စစ်ကိုင်းသွားကားလမ်းရှိ ကျောက်စိမ်းဘုရားအနီး၊ မြစ်ငယ်-အုန်းချောသွားကားလမ်းရှိ စိတ်ကျန်းမာရေးဆေးရုံအနီး၊ ရန်ကုန်-မန္တလေးကား လမ်းဟောင်းဘေးရှိ နတ်ရေကန်ကျေးရွာအနီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ တံခွန်တိုင်အဝိုင်းအနီး၊ ၇၃ လမ်းရှိ ယာယီကားကြီးကွင်းအနီး စုစုပေါင်းနေရာခုနစ်ခုတို့တွင် ဆိုင်ကယ်စီးနင်းသွားလာသူများထံမှ ရွှေထည်ပစ္စည်းများအား လုယက်မှုခုနစ်ကြိမ် ကျူးလွန်ခဲ့သူဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး အမှုများမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေးနှင့် အမှုမှဖမ်းဆီးရန် ကျန်တရားခံ မျိုးမင်းလတ်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလားတူ ၂၀၂၄ ခုနှစ် ဇွန် ၂ ရက်နှင့် ၁၂ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ရှိ Sky Mobile Phone အရောင်းဆိုင်နှင့် Paradise Mobile Phone အရောင်းဆိုင်တို့ရှိ လက်ကိုင်ဖုန်းမျိုးစုံ ၂၅ လုံးကို ဓားရှည်များ ကိုင်ဆောင်အသုံးပြု၍ လုယက်ယူဆောင်ခဲ့သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးအထောက်အကူပြုပစ္စည်းမှ ရရှိသည့်အချက်အလက်များနှင့် ဒုစရိုက်မှုကိုမလိုလားသူ ပြည်သူများ၏ သတင်းပေးပို့ချက်အရ စုံစမ်းဖော်ထုတ် ခဲ့ရာ ၂၀၂၄ ခုနှစ် ဇွန် ၁၃ ရက် နံနက် ၁၁ နာရီတွင် လုယက်မှုကျူးလွန်သူများဖြစ်ကြသည့် တရားခံကျော်ဇင်ခန့်(ခ)ငပြူး (၂၀)နှစ်၊ (ဘ) ဦးဇော်မင်းနောင်အား မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်၊ ၃၈လမ်း၊ ၆၉ လမ်းနှင့် ၇၀ လမ်းကြားရှိ နယူးရွှေထိပ်တန်းတည်းခိုခန်း၊ အခန်းအမှတ် B-1 တွင်လည်းကောင်း၊ ဟိန်းမင်းစိုး (ခ)ဖိုးသား(၂၈)နှစ်၊ (ဘ)ဦးစိုးမြင့်အား ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား ၁၁၂ လမ်းပေါ်ရှိ Maple တည်းခိုခန်း အခန်းအမှတ်(၃၀၅)တွင်လည်းကောင်း လုယက်မှုကျူးလွန်ရာမှရရှိခဲ့သည့် I Phone အမျိုးအစား လက်ကိုင်ဖုန်းကိုးလုံး၊ Redmi A3 အမျိုးအစား လက်ကိုင်ဖုန်းခုနစ်လုံးနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားရှည်နှစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထပ်မံဖမ်းဆီးရမိ

ဖမ်းဆီးရမိတရားခံ ကျော်ဇင်ခန့်(ခ)ငပြူးနှင့် ဟိန်းမင်းစိုး(ခ)ဖိုးသားတို့၏ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးမှ Mobile Phone အရောင်းဆိုင်များအား လုယက်မှုကျူးလွန်စဉ် ဖမ်းဆီးရန်ကျန်တရားခံ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာနေ မိုးဆန်းအောင်(ခ)ပိစိ (၂၉) နှစ်၊ (ဘ)ဦးအေးဆောင်က ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းနှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား အပေါင်ခံသူများဖြစ်ကြသည့် ရန်ကျော်(၃၄)နှစ်၊ (ဘ) ဦးခင်မောင်ဝင်း၊ မောင်မောင်ချစ်(၂၉)နှစ်၊ (ဘ) ဦးမောက်၊ ဌေးမင်းသူ(၃၄)နှစ်၊ (ဘ)ဦးသိန်းမောင်တို့နှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား ရောင်းချပေးသူများဖြစ်ကြသည့် ခိုင်ဇာလင်း(၂၀)နှစ်၊ (ဘ)ဦးလင်းထိန်၊ သက်သက်ဦး(၁၆)နှစ်၊ (ဘ)ဦးအောင်မျိုးဝင်းနှင့် ဖွေဖွေးလှိုင်(ခ)မျိုးသန္တာလှိုင်(၁၆)နှစ်၊(ဘ)ဦးနိုင်ဝင်းတို့အား ယင်းနေ့ နေ့လယ် ၂ နာရီတွင် ၎င်းတို့၏ နေအိမ်အသီးသီး၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ကျော်ဇင်ခန့် (ခ)ငပြူး၊ ဟိန်းမင်းစိုး (ခ) ဖိုးသားနှင့် ဖမ်းဆီးရန် ကျန်တရားခံ မိုးဆန်းအောင်(ခ)ပိစိတို့သုံးဦးသည် ဇွန်လအတွင်း မန္တလေးမြို့ပေါ်ရပ်ကွက်များ၌ ဓားထောက်၍ ဆိုင်ကယ်လုယက်မှုသုံးမှုအား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး အဆိုပါအမှုများမှ CZI အမျိုးအစားသက်သေခံဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ကာ ကျန်သက်သေခံပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ် ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန်ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအားဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့ကြသူ ဖမ်းဆီးရမိ တရားခံစုစုပေါင်း ၁၁ ဦးတို့အား သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင်အမှုများ ဖွင့်လှစ်ထားရှိပြီး ကွင်းဆက်တရားခံနှင့် ဖမ်းဆီးရန်ကျန်တရားခံများ ထပ်မံဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ရပ်ရွာများအတွင်း အကြမ်းဖက်မှုများနှင့် ဒုစရိုက်မှုများ မဖြစ်ပွားစေရေး အကြမ်းဖက်သမားများနှင့် ဒုစရိုက်သမားများ၏ လှုပ်ရှားဆောင်ရွက်မှုသတင်းများအား သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပေးသတင်းထုတ်ပြန်ထားသည်။

သတင်းစဉ်