နိုင်ငံတော်ကချမှတ်ထားသည့် လူမှုရေးဦးတည်ချက်တွင် ပညာရေးကိုအခြေခံသည့် ရည်မှန်းချက်များကို ဦးစားပေးဖော်ဆောင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ မြင့်မားသည့် လူမှုဘဝအဆင့်အတန်းရရှိရေးအတွက် ကြီးစွာအထောက်အကူပြုနေသဖြင့် ပညာရေးကိုမြှင့်တင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်တွင် “တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး”နှင့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် အချက်များကို ချမှတ်ထားသည်။
အဆိုပါဦးတည်ချက်များအတိုင်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် အနာဂတ်တွင် ပညာရေးကဏ္ဍ မြင့်မားတိုးတက်လာရမည်ဟု မြဲမြံခိုင်မာသောခံယူချက်ဖြင့် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ရမည်ဖြစ်သည်။ ယခုအခါ ပညာရေးကို အလေးထားမြှင့်တင် အကောင်အထည်ဖော်နေပြီး ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ကြားနိုင်ရေး၊ စဉ်ဆက်မပြတ် သင်ယူမှုအခွင့်အလမ်းများရရှိရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာရေးတို့ကို လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်သည်။
အနာဂတ်တွင် မြန်မာနိုင်ငံ၏ ပညာရေးမြင့်မားတိုးတက်လာစေရေးအတွက် အလုံးစုံအောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည့်နည်းလမ်းများ၊ တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့်နည်းလမ်းများနှင့် ပိုမိုကောင်းမွန်သည့် ရှေ့လုပ်ငန်းစဉ်များ ပေါ်ထွက်လာရေးတို့ကို ဆက်စပ်နေသည့် နယ်ပယ်များအားလုံး ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းဖော်ဆောင်ကြရမည်ဖြစ်သည်။ သို့ဖြစ်၍ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကြီးကို ၂၀၂၃ ခုနှစ်တွင် “အနာဂတ်ပညာရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး” ဦးတည်ချက်ဖြင့် ဆွေးနွေးအဖြေရှာခဲ့ကြသည်။
ယခု ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကြီးကို “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကိုပိုမိုမြှင့်တင်ပေး” ဦးတည်ချက်ဖြင့် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ သုံးရက်ကြာဆွေးနွေးအဖြေရှာကြမည်ဖြစ်သည်။ ပထမအကြိမ်ညီလာခံကြီးမှ ဆွေးနွေးအဖြေရှာ ဖော်ထုတ်ရရှိခဲ့သည့် ပညာရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ဆွေးနွေးပြီး ယခုနှစ်တွင် ရေရှည်ခိုင်မြဲသည့် ပညာရေးစနစ်တစ်ခု ပေါ်ထွက်လာအောင် အရည်အသွေးအာမခံမှုကဏ္ဍကို ထပ်မံဖြည့်စွက်ပြီး ပိုမိုကောင်းမွန်သည့်ရလဒ်များ ပေါ်ထွက်လာအောင် ဆွေးနွေးအဖြေရှာကြမည်ဖြစ်သည်။
ယခုနှစ်တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ အရည်အသွေးပြည့်ဝသော ပညာတတ်များမွေးထုတ်ပေးနိုင်ရန်၊ ထုတ်လုပ်မှုကိုအားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆရာ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်းလာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။ ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိသည့် သုံးသပ်ချက်များကို အကောင်အထည်ဖော်ရာတွင် အောင်မြင်အောင် ဆောင်ရွက်နိုင်မှုများနှင့် ဆက်လက်ဆောင်ရွက်ဆဲလုပ်ငန်းများရှိပြီး ယခုနှစ်ညီလာခံမှ ဆွေးနွေးမှုရလဒ်များကိုပေါင်းစပ်၍ မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ရလဒ်များပေါ်ထွက်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
ယခုနှစ်ပညာရေးညီလာခံ၏ ထူးခြားမှုမှာ အရည်အသွေးအာမခံသည့် ကဏ္ဍသစ်ဖြစ်သည်။ စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသော ပညာခေတ်တွင် ကမ္ဘာတစ်ဝန်း ပညာအဆင့်အတန်းများ မြင့်သည်ထက်မြင့်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာမြင့်သလို နိုင်ငံများလည်း မြင့်လာသည်။ ယင်းကို အမီလိုက်ပါနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ပညာရေးစနစ်တွင် အရည်အသွေးအာမခံနိုင်သည့် ပညာရေးစနစ်တစ်ခုဖြစ်ဖို့လိုမည်။ ဤနိုင်ငံမှ သင်ကြားမွေးထုတ်ပေးလိုက်သော လူ့စွမ်းအား အရင်းအမြစ်များသည် အရည်အသွေးပြည့်ဝသည့် အာမခံချက်ရှိမှ နိုင်ငံအတွက်သာမက လူသားအရင်းအမြစ်များအတွက်ပါ တန်ဖိုးကြီးမားပေမည်။
သို့ဖြစ်ရာ ပညာရေးညီလာခံများမှ ဖော်ထုတ်ရရှိသည့်လုပ်ငန်းစဉ်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် တိုးတက်ဖြစ်ထွန်းအောင်မြင်လာအောင် အကောင်အထည်ဖော်သွားရမည်ဖြစ်ပြီး အောင်မြင်မှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် မြှင့်တင်ထိန်းသိမ်းစောင့်ရှောက်ကြမည့် ပညာရေးဆွေးနွေးမှုများမှ နိုင်ငံ၏အနာဂတ်လူငယ်များအတွက် ကောင်းမွန်သည့်အဖြေများ၊ ကောင်းမွန်သည့် အချက်အလက်များနှင့် ကောင်းမွန်သည့်ရလဒ်များပေါ်ထွက်လာအောင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း။ ။