Skip to main content

ပြည်သူလူထုကျန်းမာရေး နိုင်ငံတကာအဆင့်မီဆောင်ရွက်ပေး

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကဲ့သို့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ၊ အသစ်ဖြစ်ပေါ်လာသည့် ကူးစက်ရောဂါများ၊ အဓိကကျသည့် ကူးစက်ရောဂါများဖြစ်သော အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျား စသည့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရန်၊ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများတွင် ကျန်းမာရေးကဏ္ဍ၌ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာကျန်းမာရေးကိစ္စများ၊ တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းနှင့် သုတေသနပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ကပ်ရောဂါဘေးအမျိုးမျိုးတို့ကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများလည်း ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ ကူးစက်တတ်သောရောဂါများနှင့် မကူးစက်တတ်သော ရောဂါဆန်းများနှင့်လည်း ကြုံတွေ့လျက်ရှိသည်။ အဆိုပါရောဂါအမျိုးမျိုးတို့အပြင် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် မမျှော်မှန်းနိုင်သော ဗိုင်းရပ်စ်ပိုးအမျိုးမျိုးတို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများကို ကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် ကျန်းမာရေးအရင်းအမြစ်များ ပြည့်စုံစွာရှိနေရန်လိုအပ်သည်။

ကူးစက်လွယ်သောရောဂါများသည် လေမှတစ်ဆင့် အသက်ရှူလမ်းကြောင်းသို့ ဝင်ရောက်ပြီး ရောဂါအမြန်ဆုံးကူးစက်နိုင်သည်။ အသင့်အတင့်ကူးစက်နိုင်ခြေရှိသည့် ဗိုင်းရပ်စ်ပိုး၊ ကပ်ပါးပိုးနှင့် ဗက်တီးရီးယားများ၊ မျိုးမပွားနိုင်သည့် ဗိုင်းရပ်စ်များသည် လူတို့၏ပတ်ဝန်းကျင်နှင့် အစားအသောက်၊ ဝတ္ထုပစ္စည်းများတွင်ရှိနိုင်သည်။ လေထုနှင့်ပတ်ဝန်းကျင်တွင် လူတို့ကိုအဆိပ်သင့်စေနိုင်သည့် ဓာတ်ပစ္စည်းအမျိုးမျိုးလည်းရှိနိုင်သည်။ ထို့ကြောင့် အဆိုပါ ဗိုင်းရပ်စ်ပိုးအမျိုးမျိုးနှင့် လူတို့ကိုအန္တရာယ်ဖြစ်စေနိုင်သော ကပ်ပါးပိုးမွှား၊ လေထု၊ အရာဝတ္ထုပစ္စည်းများနှင့် လူ့ခန္ဓာအစိတ်အပိုင်းများကို ရှာဖွေစစ်ဆေးနိုင်ရန်အတွက် ဇီဝလုံခြုံရေးအဆင့်ဓာတ်ခွဲခန်းများ၊ သွေး၊ သွေးရည်ကြည်နှင့် မော်လီကျူးများစစ်ဆေးနိုင်သည့်ဓာတ်ခွဲခန်းများကို ယခုအခါ တည်ဆောက်ထားနိုင်ပြီဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ခေတ်အဆက်ဆက် ခေတ်နှင့်အညီ တိုးတက်လာအောင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကုသရေး၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး၊ ကာကွယ်ဆေးထိုးနှံရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ပါဝင်သော ကျန်းမာရေးဌာနကို စတင်ထူထောင်နိုင်ခဲ့သည်။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တစ်စတစ်စ တိုးမြှင့်ဆောင်ရွက်နိုင်မှုကြောင့် မြန်မာနိုင်ငံတွင် ၁၉၇၇ ခုနှစ်၌ ကျောက်ကြီးရောဂါ အမြစ်ပြတ်ပပျောက်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အနာကြီးရောဂါ ကင်းစင်ပပျောက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် မိခင်နှင့်မွေးကင်းစကလေး မေးခိုင်ရောဂါ ကင်းစင်ပပျောက်ခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပိုလီယိုရောဂါကင်းစင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် မျက်ခမ်းစပ်ရောဂါ ကင်းဝေးခဲ့သည်။

ပြည်သူ့ကျန်းမာရေးပြဿနာအမျိုးမျိုးမှ ကင်းဝေးခဲ့သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုခြင်းခံရသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အသီးသီးတွင်လည်း နိုင်ငံတကာတွင် ဆောင်ရွက်နေသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ်မှစတင်၍ လူမှုဘဝနယ်ပယ်အသီးသီးတွင် ကူးစက်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏လမ်းညွှန်မှု၊ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုတို့ဖြင့် ကပ်ရောဂါကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည်။

ယခုတစ်ဖန် လက်ရှိဖြစ်ပေါ်နေသည့် မကူးစက်သောရောဂါ၊ ကူးစက်နိုင်သောရောဂါများနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် မမျှော်မှန်းနိုင်သော ရောဂါအမျိုးမျိုးတို့ကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းကို နေပြည်တော်ကောင်စီနယ်မြေတွင် ဖွင့်လှစ်လိုက်နိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း မြန်မာ CDC အဆောက်အအုံကို ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ချစ်ကြည်ရေးသင်္ကေတအဖြစ် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလတွင် တည်ဆောက်ပြီးစီးခဲ့ရာ ဇွန်လ ၁၃ ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းကို တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံအတွင်း ရောဂါထိန်းချုပ်ရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာမည်ဖြစ်သည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးအတွက် ကြီးမားသောအထောက်အကူ ရရှိလာမည်ဖြစ်ပါကြောင်း။    ။