Skip to main content

ခေတ်မီနည်းပညာများကိုအသုံးပြု၍ အဆင့်မြင့်ကုန်ချောများအဖြစ် ပြည်ပဈေးကွက်သို့ တိုးတက်တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၁၂

သားငါးထွက်ကုန်များ အစားအစာဘေးအန္တရာယ် ကင်းရှင်းစွာထုတ်လုပ်ခြင်းနှင့် ခေတ်မီနည်းပညာများကိုအသုံးပြု၍ အဆင့်မြင့်ကုန်ချောများအဖြစ် ပြည်ပဈေးကွက်သို့ တိုးတက်တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၉ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တက်ရောက်

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ရေရှည်တည်တံ့သော ငါး၊ ပုစွန်ထုတ်လုပ်မှုဖြစ်စေရေးနှင့် ခေတ်မီနည်းပညာများကို အသုံးပြု၍ ငါး၊ ပုစွန်မွေးမြူ ရေးလုပ်ငန်းများ တွင်ကျယ်လာစေရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက စံနမူနာပြဆောင်ရွက်ပြီး ငါး၊ ပုစွန်မွေးမြူထုတ်လုပ်သူအားလုံးကို လက်တွဲခေါ်ယူကြရန် လိုအပ်ချက်များ၊ ပြည်တွင်းပြည်ပစျေးကွက်ခိုင်မာရေးအတွက် အရည်အသွေးကောင်းမွန်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်လိုအပ်သဖြင့် ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းစဉ်၌ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ဆောင်ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသူများ၏ ငါးလုပ်ငန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရွှေပြည်သာစက်မှုဇုန်ရှိ ပုဂ္ဂလိကဆီစက်လုပ်ငန်းကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဆီစက်တာဝန်ရှိသူများကို ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ပိုမိုကြိတ်ခွဲနိုင်ရေး၊ မွေးမြူရေးတိရစ္ဆာန်အစာအဖြစ် အသုံးပြုရန် ပဲပုပ်ကြိတ်ဖတ်များကို ပြည်ပသွင်းကုန် အစားထိုးထုတ်လုပ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်း ကျောင်းသို့ရောက်ရှိပြီး ကျောင်းသားကျောင်းသူ အိပ်ဆောင်များနှင့် စားရိပ်သာဆောင်၊ အားကစားမြေနေရာ လျာထားမှုများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်