Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြည်သူ့စစ်အဖွဲ့များနှင့်တွေ့ဆုံ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်တို့သို့ မျိုးစေ့ချကိရိယာများပေးအပ်

နေပြည်တော် ဇွန် ၁၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်လယ်ဝေးခရိုင်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်သူ့စစ်အဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်ပြောကြားပြီး လုံခြုံရေးအတွက် လုပ်ဆောင်ရန်လိုအပ်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က ပြည်သူ့စစ်အဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များထံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြပြီး တက်ရာက်လာကြသူများ၏ တင်ပြချက်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်သူ့စစ်အဖွဲ့များနှင့် ပြည်သူ့ လုံခြုံရေးအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်စာစောင်များထားရှိမှုကို ကြည့်ရှုအားပေးပြီး ပျဉ်းမနားမြို့နယ် သကြားစက်ကျေးရွာ၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှု၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဆောက်အအုံဆောက်လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့သို့ မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရာက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက မျိုးစေ့ချကိရိယာကို အသုံးပြုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးစန်းလွင်က မျိုးစေ့ချကိရိယာများ လိုအပ်မှု၊ ရရှိမှုနှင့် မိုးစပါးစိုက်ပျိုးရာသီတွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ နေပြည်တော်စက်မှုလယ်ယာဦးစီး ဌာနညွှန်ကြားရေးမှူး ဦးနိုင်ဦးက မျိုးစေ့ချကိရိယာ ထုတ်လုပ်ပြီးစီးမှုနှင့် ရာသီချိန်အမီရရှိရေး ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက ဒုတိယအကြိမ်အဖြစ် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ တောင်သူများထံ မျိုးစေ့ချကိရိယာများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ ဓာတ်မြေဩဇာများပေးအပ်ကြပြီး မျိုးစေ့ချကိရိယာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်