Skip to main content

ဘကကျောင်းတွေဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ထောင့်တစ်နေရာက အထောက်အကူဖြစ်စေတဲ့ အမျိုးသားကောင်း၊ အမျိုးကောင်းသမီး မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးနေပါတယ်

ဥူးသုတဓရ (နတ်မောက်ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်း ကျောင်းထိုင်ဆရာတော်)

ဒီနတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ပြည်ပသာသနာပြုဆောင်ရွက်ခဲ့တဲ့ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလဆရာတော်ကြီး တည်ထောင်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ဆရာတော်ကြီးမရှိတော့တဲ့နောက်မှာ ဦးဇင်းကပဲဆက်လက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဆရာတော်ကြီးရှိစဉ်ကတည်းက မဖွံ့ဖြိုးသေးတဲ့ တောင်ပေါ်ဒေသက တိုင်းရင်းသားကလေးငယ်တွေကို ပညာသင်ကြားပေးခဲ့ပြီး ရန်ကုန်မြို့မြို့နယ်တွေက ကျောင်းသားကျောင်းသူတွေလည်း လာရောက်ပညာသင်ကြားခဲ့ကြတာ ယနေ့အချိန်ထိပါပဲ။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ မူလတန်းဆိုရင် KG အတန်းမှာ ၁၁ ဦး၊ Grade-1 မှာ ၃၀ ၊ Grade -2 မှာ ၂၉ ဦး၊ Grade-3 မှာ ၂၅ ဦး၊ Grade-4 မှာ ၂၇ ဦးနဲ့ Grade-5 မှာ ၁၃ ဦးရှိပါတယ်။ အလယ်တန်းအဆင့်မှာဆိုရင် Grade- 6 မှာ ၂၅ ဦး၊ Grade-7 မှာ ၁၂ ဦး၊ Grade-8 မှာ ရှစ်ဦး၊ Grade-9 မှာ ၂၆၈ ဦးနဲ့ စုစုပေါင်း ၄၄၈ ဦးကို ဆရာဆရာမ ၁၈ ဦးက ပညာသင်ကြားပေးနေပါတယ်။ အထက်တန်းအဆင့်ကိုရင်၊ သီလရှင်တွေလည်းရှိတာကြောင့် တာဝန်ရှိသူများနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဆက်လက်ပညာသင်ကြားနိုင်အောင် စီမံဆောင်ရွက်ထားပါတယ်။ အထက်တန်းအဆင့်ဆိုရင်လည်း ကျောင်းသားကျောင်းသူ ၂၀၀ ကျော်ရှိပါတယ်။

ဒီနှစ်မှာကျောင်းသားတိုးလာတယ်။ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကို ဘာလို့ဆက်ပြီး ဖွင့်လှစ်ရသလဲဆိုတော့ မရှိနွမ်းပါးတဲ့ကလေးတွေကို ပညာရေးနဲ့ထောက်ပံ့ပြီး တိုင်းပြည်နဲ့ဘာသာ၊ သာသနာအတွက် တစ်ဖက်တစ်လမ်းကနေ တတ်စွမ်းသမျှ ဆောင်ရွက်နေတာပါ။ သံဃာနဲ့တိုင်းရင်းသားကလေးတွေများတယ်။ အခက်အခဲတွေလည်းရှိ တယ်။ ပအိုဝ်း၊ ပလောင်၊ ရှမ်း၊ မြန်မာအပါအဝင် ကိုရင် ၆၄ ပါး ဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနဲ့ ပညာသင်ကြားနေကြပါတယ်။ ရှေ့ဆက်ပြီး ကလေးတွေရဲ့ ပညာရေးအတွက် ဆက်ပြီးဖွင့်ခွင့်ရဖို့လည်း အကူအညီတောင်းလိုပါတယ်။ ဘကကျောင်းတွေဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ထောင့်တစ်နေရာက အထောက်အကူဖြစ်စေတဲ့ အမျိုးသားကောင်း၊ အမျိုးကောင်းသမီး မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးနေပါတယ်။

ဥူးတေဇနိယ (နတ်မောက်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တာဝန်ခံ)

နိုင်ငံတော်ကသတ်မှတ်ထားတဲ့ ကျောင်းအပ်နှံရေးရက်သတ္တပတ်ကစပြီး ကျောင်းအပ်လက်ခံခဲ့ပြီးတော့ ဇွန် ၃ ရက်ကစပြီး ကျောင်းဖွင့် ခဲ့တယ်။ ကျောင်းကကိုရင်နဲ့ သီလရှင်ဆရာလေးတွေဆိုရင် ပညာကိုတော်တော်လိုလားကြတယ်။ မြို့နယ်တွေက လာတက်ကြတဲ့ ကလေးတွေဆိုရင်လည်းအတူတူပဲ။ ဆရာဆရာမတွေကလည်း ဖိဖိစီးစီးသင်ကြားပေးကြတယ်။ ပညာသင်ကြားရေးအပိုင်းမှာ ဆရာဆရာမတွေကို အထူးပဲကျေးဇူးတင်ရပါတယ်။ ရရှိတဲ့လစာငွေလေးနဲ့ ကလေးတွေရဲ့ပညာရေးကို စေတနာ၊ အနစ်နာ၊ ဝါသနာနဲ့ယနေ့အထိ သင်ကြားပေးနေမှုဟာ ဂုဏ်ယူစရာပါ။ တိုင်းရင်းသားတွေဆိုရင် ဒေသဖွံ့ဖြိုးမှုအပေါ်မူတည်ပြီး ရန်ကုန်မြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ ကျောင်းအိပ် ကျောင်းစားနဲ့ ပညာသင်ကြားနေကြတာများတယ်။ နတ်မောက်ဘုန်းတော် ကြီးသင်ပညာရေးကျောင်းက နိုင်ငံ့ဝန်ထမ်းနဲ့ ဘာသာရေးနယ်ပယ်မှာ တာဝန်ထမ်းဆောင်နေသူတွေကို မွေးထုတ်ပေးခဲ့တဲ့ ကျောင်းလည်းဖြစ်ပါတယ်။

ဆရာမဒေါ်အေးအေးနွယ် (အတန်းပိုင်)

နတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စာသင်ဖြစ်တာခြောက်နှစ်ရှိပါပြီ။ ပထမစာသင်ဖို့စိတ်ကူးမရှိပါဘူး။ ကျောင်းမှာ ဆရာဆရာမအင်အားလိုပြီး ဖြည့်ဆည်းပေးပါဆိုတဲ့အတွက် အဲဒီကစပြီး သင်ဖြစ်သွားတာ ကျောင်းသားတွေအပေါ် သံယောဇဉ်ဖြစ်သွားတော့ ဒီနေ့အထိ စာသင်ဖြစ်နေပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှာသင်ကြားခွင့်ရတာကျေနပ်တယ်။ ပျော်လည်းပျော်ပါတယ်။ ဒီမှာသာသင်ကြားပေးမှုမရှိဘူးဆိုရင် ကလေးတွေပညာရေးနယ်ပယ်က ဝေးကွာသွားမယ့်သဘောရှိပါတယ်။ အထူးသဖြင့် ကိုရင်နဲ့သီလရှင်လေးတွေအတွက် ပညာသင်ကြားရတာ အခြေခံပညာကျောင်းတွေမှာ ပိုပြီးခက်ခဲပေမယ့် ဘကကျောင်းတွေဆိုရင် အဆင်ပြေပါတယ်။ သင်ကြားမှု အပိုင်းဆက်ပြီးအောင်မြင်ဖို့ဆိုရင် လိုအပ်ချက်တွေကို ဖြည့်ဆည်းရမယ့် အပိုင်းတွေလည်းရှိနေပါတယ်။ နိုင်ငံတော်ကပညာရေးကဏ္ဍကို ဖော်ဆောင်ရာမှာ ကျွန်မတို့ဆရာဆရာမတွေအနေနဲ့ တတ်စွမ်းသမျှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေပါတယ်။

ကိုရင်ပညာဇောတ (Grade- 9 ၊ ပလောင်တိုင်းရင်းသား)

ကိုရင်နတ်မောက်ကျောင်းမှာ ပညာသင်ကြားတာ သုံးနှစ်ရှိပါပြီ။ ဘုန်းကြီးကျောင်းမှာနေတဲ့အတွက် ဒီမှာပဲပညာသင်ကြားခဲ့ပါတယ်။ ဇာတိက ရှမ်းပြည်နယ်နန်းခမ်းမြို့က ပလောင်လူမျိုးပါ။ ဒီကဆရာ၊ ဆရာမတွေနဲ့ စာသင်ရတာအဆင်ပြေတယ်၊ သင်ပြမှုလည်းကောင်းတယ်။ တိုင်းရင်းသားကိုရင်လေးတွေကို စာပြန်သင်ကြားပေးဖို့ ရည်မှန်းချက်ရှိပါတယ်။ ကွန်ပျူတာပညာကအစ သင်ကြားပေးချင်ပါတယ်။ Grade- 12 အောင်မြင်ပြီးရင် အဝေးသင်တက္ကသိုလ်တက်ဖို့ မှန်းထားပါတယ်။ အခုလို ပညာသင်ကြားခွင့်ရအောင် ကူညီပံ့ပိုးပေးတဲ့ ဆရာတော်တွေကိုလည်း အထူးကျေးဇူးတင် ဦးခိုက်ပါတယ်။

ဆရာလေးဝိဇေယျဝတီ (Grade- 9၊ ရှမ်းတိုင်းရင်းသူ)

ဆရာလေးက ရှမ်းပြည်နယ် ကျောက်မဲမှာနေပါတယ်။ ဒီမှာကျောင်းတက်တာ သုံးနှစ်ရှိပြီ။ ဆရာဆရာမတွေနဲ့စာသင်ရတာပျော်တယ်။ ဆရာလေးစာကြိုးစားနေပါတယ်။ ဆရာဝန်ဖြစ်ချင်လို့ပါ။ ဘာသာရပ်ထဲမှာဆိုရင်လည်း Bio ကို စိတ်ဝင်စားတယ်။ ပြီးတော့ လူမှုရေးဘာသာကိုလည်း စိတ်ဝင်စားတယ်။ ဆရာဝန်ဖြစ်ရင်ကျေးလက်က ပြည်သူတွေကို ကုသပေးချင်တယ်။ ဒီနှစ်မှာအကောင်းဆုံး စာကြိုးစားပြီး အဆင့်-၁ ရအောင် ကြိုးစားသွားမယ်။

မောင်မျိုးသန့် (Grade – 9၊ ချင်းရခိုင်တိုင်းရင်းသား)

ကျွန်တော်ကသန်လျင်မှာနေပါတယ်။ ဖခင်ကချင်းလူမျိုးနဲ့မိခင်က ရခိုင်လူမျိုးပါ။ နတ်မောက်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ဒီနှစ်မှတက်ဖြစ်တာပါ။ အခြားကျောင်းထက် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းကိုတက်ဖြစ်ရတာက ယဉ်ကျေးမှုအပိုင်းနဲ့ သင်ကြားမှုအပိုင်းကောင်းလို့ပါ။ Grade-12 အောင်သွားရင် တက္ကသိုလ်တက်မှာပါ။ တက္ကသိုလ်ရောက်မှပဲ အသက်မွေးဝမ်းကျောင်း ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်မှာပါ။ အခုလိုဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ တက်ရောက်ခွင့်ရတဲ့အတွက် နိုင်ငံတော်ကလူကြီးတွေ၊ ဆရာတော်တွေနဲ့ ဆရာဆရာမတွေကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ စာသင်သားအားလုံးကိုလည်း စာကြိုးစားဖို့တိုက်တွန်းလိုပါတယ်။၊ လူငယ်ဆိုတာ တိုင်းပြည်အနာဂတ်မှာ အရေးပါတဲ့အတွက် နိုင်ငံအတွက် အကောင်းဆုံးအကျိုးပြုနိုင်အောင်ပညာသင်ချိန်မှာ စာကြိုးစားဖို့လိုပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအနေဖြင့် ရည်ရွယ်ချက်များထားရှိ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အဆိုပါရည်ရွယ်ချက်များမှာ ဆင်းရဲချမ်းသာမရွေး လူတိုင်း အရေး၊ အဖတ်အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်၊ ပညာသင်ကြားရေး၌ စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး၊ နိုင်ငံအကျိုးသယ်ပိုးလိုသည့် သားကောင်းသမီးကောင်းများ ဖြစ်လာစေရန်၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာလိုက်နာခံယူတတ်ကြစေရန်၊ ဗုဒ္ဓဘာသာသာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သားသိရှိလိုက်နာပြီး အနာဂတ်သာသနာကိုတာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်ကြစေရန်နှင့် အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် စသည့်ရည်ရွယ်ချက်တို့ဖြင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
တွေ့ဆုံမေးမြန်း-သစ္စာ (mna)

ဓာတ်ပုံ-ဇွဲမာန်