Skip to main content

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် ဒိုက်ဦးမြို့မရဲစခန်း အချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၂

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ရှိ ဒိုက်ဦးမြို့မရဲစခန်းအချုပ်ခန်းနှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ အကျဉ်းဦးစီးဌာန၊ ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက် မွေးမှုအတတ်သင်စခန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒိုက်ဦးမြို့ပေါ်ရှိ ဒိုက်ဦးမြို့မရဲစခန်းအချုပ်ခန်းကို ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ၊ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ အချုပ်ကာလအတွင်း စားသောက်ရေးစီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းအတွင်းသန့်ရှင်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများနှင့် အိပ်ဆောင်များတွင်တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ၊ မရှိအခြေအနေနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ  အခြေအနေစသည်တို့ကိုမေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသားများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်သည်။

စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ သန့်ရှင်းသော သောက်ရေရရှိမှု အခြေအနေ၊ သုံးရေကန်များနှင့်အတွင်း၊ အပြင် မိလ္လာများသန့်ရှင်းမှု ရှိ၊ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံမှ သတင်းရရှိသည်။

သတင်းစဉ်