Skip to main content

MSME လုပ်ငန်းများ ကျယ်ပြန့်လာစေရေး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို ဖွင့်လှစ်ပို့ချသွားရမည်

နေပြည်တော် ဇွန် ၁၂

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Snack & Bakery နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ MSME လုပ်ငန်းများ ကျယ်ပြန့်လာစေရေးအတွက် ရုံးချုပ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ပြီး လက်ဆင့်ကမ်း မျှဝေဖွင့်လှစ်ပို့ချသွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည့် မုန့်ဖုတ်လုပ်သည့် နည်းပညာများကို မူပိုင်ခွင့်ဥပဒေနှင့်အညီ အခြေခံ၍ မိမိဘာသာဆန်းသစ်တီထွင်ကာ ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို ထူထောင်နိုင်ပြီး မိသားစုဝင်ငွေတိုးပွားရုံသာမက နိုင်ငံ့ဝင်ငွေတိုးပွားစေရန် ကျရာကဏ္ဍမှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းမှသင်ကြားပေးသည့် ပညာရပ်များကို ကောင်းစွာအသုံးချပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးလာနိုင်သည်နှင့်အမျှ ဝင်ငွေလည်းတိုးပွား လာမည်ဖြစ်သည့်အတွက် MSME အခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားသင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး ဒုတိယဝန်ကြီးက သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် သင်တန်းသားသင်တန်းသူများပြုလုပ်ထားသည့် Butter Cake ၊ Banana Cake ၊ Chocolate Cake၊ Chiffon Cake ၊ Cup Cake ၊ Cookies ၊ ကိတ်မုန့်ခြောက်၊ ပူတင်းပေါင်မုန့်၊ ပဲပေါင်မုန့်၊ စနိုး ပူတင်း၊ ဆနွင်းမကင်းအစရှိသော မုန့်အမျိုးမျိုးကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်