Skip to main content

၂၀၂၄ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၁၂

၂၀၂၄ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မြို့ပတ်လမ်းဘေးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းမြေနေရာ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့နှင့် ဦးစီးဌာနများမှ အရာရှိကြီးများနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က သစ်တောများနှင့်သစ်ပင်များကို အမြတ်တနိုးတန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ထပ်မံစိုက်ပျိုးခြင်းများသည် တိုင်းပြည်တစ်ပြည်အတွက် ကောင်းကျိုးများစွာကို ဖန်တီးပေးခြင်းဖြစ်သည့်အတွက် မိုးရာသီသစ်ပင်စိုက်ပွဲတော်များကို နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်မှာ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး ဟူ၍ ဖြစ်ပါကြောင်း၊ ကမ္ဘာကြီး စိမ်းလန်းစိုပြည်စေရန် လူသားအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင် အချိန်၊‌ ငွေ၊ လုပ်အား၊ အရင်းအနှီးများစွာ စိုက်ထုတ်ဆောင်ရွက်ရသည့်အတွက် တစ်ပင်စိုက်တစ်ပင်ရှင်၊ စိုက်သမျှအပင် ရှင်သန်စေရန်အတွက် စတင်စိုက်ပျိုးသည်မှစ၍ စဉ်ဆက်မပြတ် ပြုစုထိန်းသိမ်းသွားရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အထိမ်းအမှတ်သစ်ပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၏ဇနီး၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများက သတ်မှတ်နေရာများ၌ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ စိန်ပန်း၊ ငု၊ သပြေစသည့်သစ်ပင်စုစုပေါင်း ပျိုးပင် ၁၀၀၀ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အလားတူ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများ၏ ရုံးချုပ်များနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုံး၊ ဌာနများတွင်လည်း မိုးရာသီ သစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုးလျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုလုံးအနေဖြင့် ယနေ့တွင် သစ်ပင် ၃၂၆၃၉ ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်