ရန်ကုန် ဇွန် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို တစ်နိုင်ငံလုံး၌ ဇွန် ၁၁ ရက်ကထုတ်ပြန်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ဖြေဆိုသူပေါင်း ၁၈၀၅၆ဦး ရှိပြီး အောင်မြင်သူ ၉၆၅၆ ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် ၅၃ ဒသမ ၄၈ ရာခိုင်နှုန်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှသိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ မြန်မာတစ်နိုင်ငံလုံး ထူးချွန်စွာအောင်မြင်ကြသူ ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမ၊ မိဘများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်။
ဒေါက်တာစန္ဒာမြငြိမ်း အထက (၁) ဒဂုံ၊ ကျောင်းအုပ်ဆရာမကြီး
ကျွန်မတို့ ကျောင်းက Grade-12 တက္ကသိုလ်ဝင်စာမေးပွဲမှာ ၁၅၉ ဦးဖြေဆိုပြီး ၁၄၇ ဦး အောင်မြင်ခဲ့တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၄၅ ရာခိုင်နှုန်းအောင်မြင်ခဲ့တယ်။ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ထူးချွန်အဆင့် (၁၁) ယောက်ထဲမှာ ကျွန်မတို့ကျောင်းကလေးယောက် ထူးချွန်စွာအောင်မြင်ခဲ့တယ်။ ခြောက်ဘာသာဂုဏ်ထူးနဲ့အောင်မြင်သူ ၂၆ ဦး ရရှိခဲ့ပါတယ်။ ကျောင်းသားကျောင်းသူတစ်ဦးတိုင်းရဲ့ ယခင်နှစ် Grade-11 က ကျောင်းတွင်း စာမေးပွဲရလဒ်တွေကို မိဘတွေကိုသိရှိစေခဲ့ပါတယ်။ အားနည်းချက်တွေ ဖြည့်ဆည်းပံ့ပိုးနိုင်အောင် မိဘတွေတွေ့ဆုံဖို့ဖိတ်ခေါ်ပြီး တစ်ဘာသာချင်းအလိုက် ရမှတ်တွေကို အသိပေးခဲ့တယ်။ ကျောင်းသားကျောင်းသူတွေကိုလည်း ကိုယ်တိုင်သိရှိပြီး အားနည်းတဲ့ဘာသာတွေကို ဖြည့်ဆည်းလေ့လာကြပ်မတ်နိုင်အောင် ဘာသာရပ်မှူးတွေနဲ့ အုပ်ထိန်းသူစနစ်နဲ့ လေ့ကျင့်သင်ကြားစေခဲ့ပါတယ်။ အကြိုစစ်ဆေးတဲ့ ကျောင်းတွင်းစာတတ်မြောက်မှု စစ်ဆေးတဲ့မေးခွန်းတွေကိုလည်း ကျောင်းသားကျောင်းသူတွေအတွက် အထောက်အကူဖြစ်စေဖို့ ပြဋ္ဌာန်းစာအုပ်ကိုအခြေခံပြီး အထက်တန်းပြဆရာမတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် အလှည့်ကျမေးခွန်းပြုစုစေခဲ့ပါတယ်။ ဒါမှ ဆရာမတွေရော သင်ရိုးသစ်သင်ခန်းစာတွေကို လေ့လာစေပြီး သင်ကြားတဲ့ဘာသာရပ်တွေအတွက် အမှတ်ပေးစည်းမျဉ်းနဲ့အညီ သင်ကြားနိုင်ပြီး အထောက်အကူဖြစ်စေမှာပါ။
Grade-12 တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်လုံးအဆင့် ထူးချွန်စွာအောင်မြင်သူတွေ ထွက်ပေါ်လာစေဖို့ Grade-4 က စပြီး Grade-12 အထိ ကျောင်းတွင်း တတ်မြောက်မှုရလဒ်တွေအရ အမှတ်အများဆုံးရရှိသူ ၁၀ ဦးကို ထူးချွန်ထက်မြက်တံဆိပ်အဝိုင်းတွေ ချီးမြှင့်ပေးခဲ့တယ်။ အဓိကကတော့ မိဘဆရာပူးပေါင်းမှုနဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာရတာ ဖြစ်ပါတယ်။
မနှင်းကြယ်စင်ထွန်း အ.ထ.က (၁) ဒဂုံ၊ မြန်မာတစ်နိုင်ငံလုံး ဒုတိယအဆင့် အမှတ်အများဆုံးရရှိသူ
Grade-12 တစ်နှစ်လုံးက ပင်ပန်းခဲ့တာတွေ အများကြီးရှိတယ်။ စာကိုလည်း မနားမနေကြိုးစားခဲ့ရတယ်။ အခုလိုရလဒ်ကိုရတော့လည်း ထိုက်တန်တယ်လို့ ကိုယ့်ကိုယ်ကိုဂုဏ်ယူမိပါတယ်။ အခုလာမယ့်နှစ် Grade-12 ဖြေဆိုမယ့် မောင်တွေ၊ ညီမတွေကိုလည်း ဒီတစ်နှစ်ပင်ပန်းတာကို ရဲရဲဝံ့ဝံ့နဲ့ရှေ့ဆက်ပြီး မိမိလိုချင်တဲ့ အနာဂတ်ပန်းတိုင်ကိုရောက်အောင် သေချာကြိုးစားခဲ့ရင်ရလဒ်ရဲ့ အသီးအပွင့်တွေကို ခံစားရမယ်လို့ပြောချင်တယ်။ ကျောင်းမှာဆိုရင် ဆရာမတွေပြောတာကို သေချာနားထောင်တယ်။ နားမလည်တာရှိရင် မိဘတွေရော ဆရာမတွေကပါ ပံ့ပိုးကူညီပေးတယ်။ ခက်ခဲပေမယ့်လည်း စာကိုနားလည်အောင် ကြိုးစားနိုင်ခဲ့တယ်။ ပင်ပန်းပေမယ့်လည်း မိမလိုချင်တဲ့ရလဒ်ရတဲ့အတွက် ကျေနပ်ပါတယ်။
မမေသူထွန်း အ.ထ.က (၁) ဒဂုံ၊ မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့် အမှတ်အများဆုံးရရှိသူ
အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်းမှာ Grade-12 တက္ကသိုလ် ဝင်စာမေးပွဲကို အ.ထ.က(၁)ဒဂုံ ကျောင်းကနေ မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့်ရရှိခဲ့တာပါ။ တစ်နှစ်ပတ်လုံး စာဘယ်လိုကြိုးစားခဲ့လည်းဆိုရင် ဘာသာရပ်အလိုက်တတ်နိုင်သမျှ စာမေးပွဲဖြေဖို့အတွက် အဓိကဦးတည်ပြီးပြင်ဆင်ခဲ့တယ်။ အချိန်နဲ့တစ်ပြေးညီဖြေနိုင်အောင်၊ မေးခွန်းရဲ့ လိုအပ်ချက်နဲ့ကွက်တိဖြေနိုင်အောင် အဓိကကြိုးစားအားထုတ်ခဲ့တယ်။ အခုလိုမျိုး အဆင့်ကောင်းနဲ့ ရလဒ်ကောင်းရရှိတဲ့အတွက် ဂုဏ်ယူမိတယ်၊ ဝမ်းမြောက်မိတယ်။ အခုလို ရလဒ်ကောင်းရအောင် ထောက်ပံ့အားပေးကြတဲ့ ဆရာဆရာမတွေ နဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်ပါတယ်။
မောင်ဟိန်းလင်းထက် အ.ထ.က (၁) ဒဂုံ၊ မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့် အမှတ်အများဆုံးရရှိသူ
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျွန်တော်နှစ်စကတည်းက စာတွေကို တစ်နေ့စာတစ်နေ့ပုံမှန် လေ့လာကျက်မှတ်တယ်။ ကျန်တဲ့အချိန်တွေမှာ သင်ပြီးသမျှ စာတွေကိုပြန်လေ့လာတယ်။ နှစ်စမှာစာမကျေရင် စာတွေပုံလာမယ်ဆိုရင် စိတ်ဖိစီးမှုတွေဖြစ်လာမယ်။ အိမ်ရောက်ရင်မှတ်စုတွေပြန်ထုတ်ပြီး ပြန်လေ့လာတယ်။ မှတ်စုတိုတွေရေးပြီး ဆရာတွေကိုပြန်ပြတယ်၊ Grade-12 မှာ အရေးကြီးတာက စာလေ့လာဖို့ရယ်၊ အနားယူဖို့ရယ်၊ သူ့အချိန်နဲ့သူရှိရမယ်။ စာတွေကို ဆက်တိုက်မနားဘဲ လေ့လာရင် ကျန်းမာရေးထိခိုက်နိုင်တယ်။ စာမေးပွဲနီးလာရင် သင်ခန်းစာတွေကို သင်ပြီးတဲ့အချိန်မှာ တစ်ဘာသာချင်းစီအတွက် ပြန်လေ့လာဖို့ ကြိုတင်အစီအစဉ်ဆွဲဖို့လိုတယ်။
မလင်းလက်အိမ် အ.ထ.က (၁) ဒဂုံ၊ မြန်မာတစ်နိုင်ငံလုံး သတ္တမအဆင့် အမှတ်အများဆုံးရရှိသူ
Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာက ဆရာဆရာမတွေနဲ့ မိဘတွေရဲ့ ကျေးဇူးတွေအများကြီးပါပါတယ်။ တစ်နှစ်ပတ်လုံးမှာတတ်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့တယ်။ အိပ်ရေးပျက်ခဲ့တဲ့ ရက်တွေလည်းရှိခဲ့တယ်။ ကျောင်းမှာဆိုရင် ဆရာဆရာမတွေရဲ့ ညွှန်ကြားချက်တွေ၊ သင်ကြားမှုတွေကို လိုက်နာပြီး တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့တယ်။ ဒီအတွက်ကြောင့် အခုလိုမျိုးကောင်းမွန်တဲ့ ရလဒ်ရခဲ့တယ်ဆိုတာကိုဂုဏ်ယူပြီး ဆရာဆရာမတွေနဲ့ မိဘတွေကို ကျေးဇူးတင်မိပါတယ်။ မောင်ငယ်၊ ညီမငယ်တွေကိုလည်း အတတ်နိုင်ဆုံးကြိုးစားရင်းနဲ့ ကိုယ်နဲ့ထိုက်တန်တဲ့ရလဒ်တွေ ရပါစေလို့ ဆုတောင်းပေးပါတယ်။
မမြတ်သီရိကျော် အ.ထ.က (၂) လသာ၊ မြန်မာတစ်နိုင်ငံလုံး နဝမအဆင့် အမှတ်အများဆုံးရရှိသူ
နှစ်စကတည်းက ဘာသာစုံဂုဏ်ထူးထွက်အောင်ရည်မှန်းပြီး တစိုက်မတ်မတ် ကြိုးစားခဲ့တာပါ။ အခုလိုရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ဘာသာစုံကို နှစ်စကတည်းက တစ်ဘာသာချင်း ဘာမှမလွတ်ရအောင်၊ အားနည်းတဲ့ဘာသာကိုလည်း ပိုဖိပြီးကြိုးစားခဲ့တယ်။ မြန်မာစာက တော်တော်လေးကြိုးစားခဲ့ရတယ်။ ဗဟုသုတစာပေနဲ့ ဖတ်စာ အုပ်ကိုနာနာဖတ်ပြီး ၁၀ မှတ်တန် အပုဒ်ရှည်တွေနဲ့ စာစီစာကုံးကိုလည်း နေ့စဉ်ပုံမှန်လေ့ကျင့်ခဲ့တယ်။ အင်္ဂလိပ်စာအနေနဲ့ ဖတ်စာအုပ်ကိုများများဖတ်ပြီး Essay, Latter Grammar တွေကိုပိုင်နိုင်အောင် နေ့စဉ်လေ့ကျင့်ခဲ့ရပါတယ်။ သင်္ချာအတွက်က ဖတ်စာအုပ်ကို အဓိကပိုင်နိုင်အောင်လုပ်ပါတယ်။ ဓာတု၊ ရူပ၊ ဇီဝဘာသာတွေကိုလည်း ဖတ် စာအုပ်ထဲက လေ့ကျင့်ခန်းတွေကို တစ်ခန်းချင်း မျှမျှတတလေ့လာမှတ်သားပြီး မှတ်စုတွေထုတ်ပြီးချရေး၊ ပုံတွေကိုလည်း ရေးဆွဲခဲ့ရတယ်။ ဘာသာစုံကို အပိုအလိုမရှိအောင် နှံ့နှံ့စပ်စပ်နဲ့ ဆရာဆရာမတွေ သင်ကြားတဲ့အတိုင်းလိုက်နာခဲ့တယ်။ တစ်နှစ်ပတ်လုံးကျန်းမာရေးကိုဂရုစိုက်ပြီး ပုံမှန်ပဲကြိုးစားခဲ့ပါတယ်။ နောင်နှစ်မှာဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူတွေစာကို တစ်နေ့စာတစ်နေ့၊ တစ်ပတ်စာတစ်ပတ် ပုံမှန်ဖတ်သွားမယ်ဆိုရင် လိုချင်တဲ့အမှတ်တွေရရှိပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာဖြစ်ပါတယ်။
ဒေါ်ခင်မာလာကျော် ကျောင်းသားမိဘ
သားလေးက ဒီနှစ် အ.ထ.က (၁) ဒဂုံကနေ မြန်မာတစ်နိုင်ငံလုံး စတုတ္ထအဆင့် အမှတ်အများဆုံးရရှိသူဖြစ်ပါတယ်။ စာတွေကို အနီးကပ်လုပ်ပေးခဲ့တယ်။ ကျက်စာတွေအကုန်လုံးကို ကျွန်မကိုယ်တိုင်စာစစ်ပြီး မြန်မာစာ၊ ဇီဝဘာသာကအစ မိဘအနေနဲ့အနီးကပ် နေ့စဉ်ပံ့ပိုးကူညီပေးတယ်။ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒတွေကို ဆရာဆရာမတွေနဲ့ ပေးထားတဲ့ အိမ်စာတွေကို ပုံမှန်အကုန်လုပ်တယ်။ စာစပြီးသင်တယ်ဆိုတာနဲ့ အချိန်ဇယားဆွဲပြီး ပုံမှန်လုပ်တယ်။ ကျွန်မကတစ်ပတ်ကို တစ်ရက်၊ နှစ်ရက်၊ သုံးရက်ကျက်စာတွေစစ်ပေးတယ်။ အနီးကပ်ကျန်းမာရေး စောင့်ရှောက်ရတယ်။ အဲဒီအတွက် အခုရလာတဲ့ရလဒ်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျောင်းကကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမတွေကလည်း ကူညီပံ့ပိုးပေးလို့ အခုလိုအောင်မြင်မှုတွေရတာပါ။ ကျေးဇူးတင်ပါတယ်။
သတင်းစဉ်