နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ် မဲဘောင်ကျေးရွာရှိ သဘာဝဒေသထွက်ကုန်များကို အဓိကအခြေခံ၍ လူသုံးကုန်နှင့် အလှကုန်များထုတ်လုပ်နေသည့် ရွှေမုဒြာသဘာဝဆပ်ပြာလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လုပ်ငန်းရှင် ဒေါ်ငြိမ်းဝင်းသန်းနှင့် သွားရောက်တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ အစ်မအမည်နဲ့ လုပ်ငန်းရဲ့နာမည်လေးကို မိတ်ဆက်ပေးပါဦး။
ဖြေ ။ ။ ကျွန်မနာမည်က ဒေါ်ငြိမ်းဝင်းသန်းပါ၊ လုပ်ငန်းနာမည်က ရွှေမုဒြာသဘာဝဆပ်ပြာထုတ်တဲ့ လုပ်ငန်းပါ။ ဒီလုပ်ငန်း ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
မေး ။ ။ ရွှေမုဒြာကနေပြီး ဘာပစ္စည်းအမျိုးအစားတွေကို အဓိကထုတ်လုပ်ပါသလဲ။
ဖြေ။ ။ ရွှေမုဒြာက အဓိကထုတ်လုပ်တာ နှစ်မျိုးရှိပါတယ်။ လူသုံးကုန်နဲ့ အလှကုန်နှစ်မျိုးကို ထုတ်လုပ်ပါတယ်။ လူသုံးကုန်မှာက အဝတ်လျှော်ရေမွှေးဆပ်ပြာအဆီနဲ့ ဘက်စုံသုံးအထူးဆပ်ပြာအဆီကို ထုတ်ပါတယ်။ အလှကုန်မှာကျတော့ သဘာဝမျက်နှာသစ်ဆပ်ပြာရှိပါတယ်။ အဲဒီ သဘာဝမျက်နှာသစ်ဆပ်ပြာထဲမှာမှ ငါးမျိုးခွဲထုတ်ထားပါတယ်။ သဘာဝဆီးဖြူသီးဆပ်ပြာ၊ ကော်ဖီနနွင်းဆပ်ပြာ၊ သဘာဝရှားစောင်းလက်ပပ်ဆပ်ပြာ၊ ဒိန်ချဉ်ဆပ်ပြာ၊ သင်္ဘောရွက်ဆပ်ပြာတွေ ဖြစ်ပါတယ်။ နောက်ပြီးသဘာဝခေါင်းလျှော် ရည်နဲ့သဘာဝပျားရည်ကော်ဖီ Scrub ဆပ်ပြာလည်း ထုတ်ပါတယ်။
မေး ။ ။ ကုန်ပစ္စည်းအမျိုးအစား အားလုံးပေါင်း ဘယ်နှမျိုးရှိပါသလဲ။
ဖြေ။ ။ ကုန်ပစ္စည်းအမျိုးအစားက လက်ရှိ ကိုးမျိုးလောက်ရှိပါတယ်။
မေး။ ။ ဈေးနှုန်းလေးတွေကရော အခြေခံလူတန်းစားတွေသုံးနိုင်တဲ့ ဈေးနှုန်းလေးတွေလား။
ဖြေ။ ။ အခြေခံလူတန်းစားပါ သုံးလို့ရအောင် အရည်အသွေးလည်းကောင်းပြီး ဈေးနှုန်းလည်းသင့်အောင် ကြိုးစားပြီး ထုတ်ပေးထားပါတယ်။
မေး။ ။ရွှေမုဒြာလုပ်ငန်းကထုတ်တဲ့ အလှကုန်နဲ့ လူသုံးကုန်တွေအတွက် ကုန်ကြမ်းတွေကို ဘယ်ကနေပြီး ဝယ်ယူပါသလဲ။
ဖြေ။ ။ တချို့ ဆပ်ပြာအခြေခံကျတော့ နိုင်ငံခြားက ထုတ်ကုန်တချို့ပါပါတယ်။ နိုင်ငံခြားကတရားဝင် FDA ရထားတဲ့ကုန်ကြမ်းမှာပြီးတော့ ကရင်ပြည်နယ်ရဲ့ ဒေသထွက်ကုန်တွေဖြစ်တဲ့ အသီးအရွက်၊ ပျားရည်တွေနဲ့ ရောစပ်ပြီးတော့ ထုတ်လုပ်ထားပါတယ်။
မေး ။ ။ ရွှေမုဒြာကထုတ်တဲ့ထုတ်ကုန်တွေကို ဈေးကွက်ကို ဘယ်လိုမျိုးဖြန့်ပါသလဲ။
ဖြေ ။ ။ ဈေးကွက်ကတော့ ကရင်ပြည်နယ်အတွင်း ဒေသတော်တော်များများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ပါတယ်။ ရန်ကုန်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ပဲခူးဘက်ခြမ်းမှာလည်း နည်းနည်းစီရောက်နေပါပြီ။
မေး။ ။ အလှကုန်ပစ္စည်းတွေရဲ့ ဆက်စပ်ပစ္စည်းတွေကို ဘယ်ကနေဝယ်ယူပါသလဲရှင့်။
ဖြေ ။ ။ ဆက်စပ်ပစ္စည်းတွေက နိုင်ငံခြားက FDA ရပြီးသားကိုဝယ်ဖြစ်ပါတယ်။ ဒေသထွက်ကျတော့ ကော်ဖီမှုန့်ဆိုရင် သံတောင်ဒေသထွက်ကော်ဖီမှုန့်ကိုသုံးပါတယ်။ ပျားရည်ဆိုရင် ကရင်ပြည်နယ် ဒေါနတောင် လှိုင်းဘွဲဘက်ခြမ်းက ပျားရည်စစ်စစ်ကို မှာယူသုံးစွဲပါတယ်။ Scrub မှာပါဝင်တဲ့ ပင်လယ်ဆားဆိုရင် မွန်ပြည်နယ်ဒေသထွက် ပင်လယ်ဆားကို သုံးပါတယ်။
မေး ။ ။ ရွှေမုဒြာကထုတ်တဲ့ အလှကုန်ပစ္စည်းတွေရဲ့ တစ်မျိုးစီအလိုက် အကျိုးကျေးဇူးလေးကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ အစ်မတို့ထုတ်တဲ့ ဆပ်ပြာငါးမျိုးလုံးက ကလေးခြောက်နှစ်ကနေစပြီးသုံးလို့ရပါတယ်။ အဘိုးအဘွားအရွယ်ထိ ယောက်ျား၊ မိန်းမလူမျိုးဘာသာမရွေးသုံးလို့ရပါတယ်။ ကော်ဖီနနွင်းလေးက အသားအရေမညီတာအတွက် သုံးလို့ရပါတယ်။ ကော်ဖီဆိုတော့ ကော်လဂျင်သဘာဝမျိုးပေါ့၊ အသားအရေ ပြန်လည်နုပျိုစေတယ်၊ ဝက်ခြံအတွက်လည်း ကောင်းတယ်၊ အသားအရေအရွယ်တင် နုပျိုစိုပြည်လှပစေပါတယ်။ နောက်ပြီး သဘာဝဆီးဖြူသီးဆပ်ပြာက အဓိကတင်းတိပ်တို့၊ အမည်းစက်တို့အတွက် ကောင်းပါတယ်။ အသားအရေဖြူဖွေးပြီး စိုပြည်လှပစေပါတယ်။ နောက်တစ်မျိုးက သဘာဝရှားစောင်းလက်ပပ်ဆပ်ပြာပါ၊ သဘာဝရှားစောင်းလက်ပပ်က အသားအရေကြည်လင်တယ်၊ ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံအတွက် ကောင်းတယ်၊ အသားအရည် Sensitive ဖြစ်တဲ့သူတွေအတွက်လည်း ကောင်းပါတယ်။ နောက်တစ်မျိုးက သဘာဝနို့ဒိန်ချဉ်ဆပ်ပြာပါ၊ အိမ်လုပ်ဒိန်ချဉ်အစစ်နဲ့ ထုတ်လုပ်ထားပါတယ်၊ နို့ဒိန်ချဉ်ဆပ်ပြာက အသားအရေစိုပြည်စေတယ်၊ အသားကို သဘာဝအတိုင်းဖြူစေတယ်၊ အမည်းစက်သေးသေးလေးအတွက် ကောင်းတယ်၊ အသားအရေခြောက်တဲ့သူတွေအတွက်လည်း သင့်တော်ပါတယ်။ သဘာဝသင်္ဘောရွက်ဆပ်ပြာက သင်္ဘောရွက်အစစ်ကနေ ထုတ်လုပ်ထားပြီး ဝက်ခြံအတွက် အထူးကောင်းမွန်ပါတယ်၊ အသားအရေ အတွက်လည်း စိုပြည်ချောမွေ့လှပစေပါတယ်။
မေး ။ ။ လူသုံးကုန်ဆပ်ပြာတွေကို ဘယ်လိုမျိုး ထုတ်လုပ်ထားပါသလဲ။
ဖြေ။ ။ လူသုံးကုန်ဆပ်ပြာရည်က နှစ်မျိုးရှိပါတယ်။ အဝတ်လျှော်ရေမွှေးဆပ်ပြာအဆီနဲ့ ဘက်စုံသုံး အထူးဆပ်ပြာအဆီပါ။
မေး။ ။ ဝန်ထမ်းခန့်ထားလား၊ မိသားစုနဲ့လုပ်တဲ့ တစ်ပိုင်တစ်နိုင်စီးပွားရေးလား သိချင်ပါတယ်။
ဖြေ။ ။ အခုလောလောဆယ်တော့ မိသားစုတစ်ပိုင်တစ်နိုင်ပဲ ထုတ်လုပ်ပါတယ်။
မေး ။ ။ နိုင်ငံတော်အစိုးရအနေနဲ့ MSME လုပ်ငန်းတွေကို အားပေးနေတယ်ပေါ့နော်၊ ကိုယ့်ဒေသမှာရှိတဲ့ အသေးစား၊ အငယ်စား၊ အလတ်စားတွေကို အားပေးဖို့ ညွှန်ကြားထားတာရှိတယ်။ MSME နဲ့ပတ်သက်တဲ့ ဌာနတွေက အစ်မတို့ကို ဘယ်လိုပံ့ပိုးပေးမှုတွေရှိလဲဆိုတာလည်း သိချင်ပါတယ်။
ဖြေ ။ ။ အများကြီး ပံ့ပိုးပေးမှုရှိပါတယ်၊ ဒီပစ္စည်းတွေကို ဓာတ်ခွဲပေးတယ်။ စက်မှုကြီးကြပ်က ပြခန်းတွေမှာ ပါဝင်စေတဲ့အတွက် အများကြီးအကျိုးရှိပါတယ်။
မေး။ ။ ဈေးကွက်ဖြန့်ဖို့၊ လုပ်ငန်းချဲ့ထွင်ဖို့ အစီအစဉ်လေးကိုလည်းသိချင်ပါတယ်။
ဖြေ။ ။ ကျွန်မတို့ ဈေးကွက်ချဲ့ဖို့ အစီအစဉ်ရှိပါတယ်။ ကရင်ပြည်နယ် ဒေသထွက်ကုန်ဆိုပြီး မြန်မာနိုင်ငံအတွင်းကနေပြီး Export အထိပါ ရည်ရွယ်ထားပါတယ်။
မေး။ ။ အစ်မတို့ လုပ်ငန်းရှိတဲ့ နေရာလေးကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ လုပ်ငန်းရှိတဲ့နေရာက ဘားအံမြို့နယ် လှာကမြင်ကျေးရွာအုပ်စု မဲဘောင်ရွာ နောင်ပလိန်လမ်းပါ။
မေး။ ။ ရွှေမုဒြာရဲ့ ထုတ်ကုန်တွေကို သုံးစွဲနေသူတွေကို အစ်မဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ရွှေမုဒြာကိုသုံးစွဲနေတဲ့ မိဘပြည်သူများအားလုံးကိုရွှေမုဒြာမိသားစုက ကျေးဇူးအများကြီးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - စိုးစိုးအေး (ခရိုင်ပြန်/ဆက်)၊ ဓာတ်ပုံ - နော်ဖူးအိအိအောင်