Skip to main content

နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်း မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်းမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဆောင်အယောင်ယာဉ်များကို ဆက်ကပ်အပ်နှံသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဝိဇယမင်္ဂလာဓမ္မသဘင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကိုနာယူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အရိယာသာဝတ္ထိဂါထာနှင့် မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ ရွတ်ဆိုပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လျှောက်ထားတင်ပြရာတွင် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး သန့်ရှင်းရေး၊ တည်တံ့ရေး၊ ပြန့်ပွားရေးတို့အတွက် မြန်မာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ခရစ်နှစ် ၁၉၈၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက သံဃာ့ဂိုဏ်းကြီး ၉ ဂိုဏ်းဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အောင်မြင်စွာဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် နိုင်ငံတော်၏အဆင့်မြင့်ဆုံးသော သံဃာ့အဖွဲ့အစည်းအဖြစ် ရပ်တည်လျက် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးတို့အတွက် အားသွန်ကြိုးပမ်းဆောင်ရွက်တော်မူလျက်ရှိသည်ကို သိရှိကြည်ညိုဝမ်းမြောက်ရပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ထွန်းလင်းဝေစည်လျက်ရှိနေသည်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ဦးဆောင်မှုနှင့်အတူ သာသနာ့ဝန်ထမ်းရှင်ရဟန်းများနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများက မိမိတို့စွမ်းဆောင်နိုင်သည့် စွမ်းအားအလျောက် ဓုရနှစ်ဖြာသာသနာကို ဆောင်ရွက်တော်မူလျက်ရှိကြပြီး နိုင်ငံတော်အစိုးရနှင့် စေတနာရှင်ပြည်သူများကလည်း ပစ္စည်းလေးပါးတို့ဖြင့် အားပေးထောက်ပံ့လှူဒါန်းလျက်ရှိနေကြခြင်းမှာ ဆရာဒကာလက်တွဲညီစွာ အားကျိုးမာန်တက်ဆောင်ရွက်ခြင်း၏ ကောင်းကျိုးများဖြစ်ကြောင်းကို ဝမ်းမြောက်ဂုဏ်ယူစွာ လျှောက်ထားအပ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်ကြီးတွင် ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော် အမြင့် ၆၃ ပေ၊ စုစုပေါင်းဉာဏ်တော် ၈၁ ပေ အမြင့်ဆောင်သည့်အတွက် ကမ္ဘာပေါ်ရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်များအနက် ကမ္ဘာ့အကြီးဆုံး ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဟူသော ကောင်းကျိုးမြတ်နိုးရည်သန်ဆန္ဒမှန်ဖြင့် စေတနာရှင်အများပြည်သူတို့ စုပေါင်းလှူဒါန်း၍ အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့ပါကြောင်း။

ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ မြောက်ဘက်အရပ်မျက်နှာတွင် ကျောက်စာရုံစေတီတော် ၇၂၀ ဆူတို့ကိုပါ တည်ထားပူဇော်ထားရှိပြီး ကျောက်စာရုံစေတီတော်အသီးသီးတွင် ဗုဒ္ဓဟောဖော် ပိဋကတ်သုံးပုံပါဠိတော်တို့ကို မြန်မာဘာသာ၊ ရိုမန်ဘာသာတို့ဖြင့် ကျောက်စာတော် ၁၄၄၀ ချပ်ထည့်သွင်း၍ ရေးထွင်းပူဇော်နိုင်ခဲ့ပါကြောင်း။

နိုင်ငံတော်အစိုးရသည် နှစ်စဉ်ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း ဂန္ထဓုရ၊ ဝိပဿနာဓုရဟူသော ဓုရနှစ်ဖြာသာသနာကို တည်တံ့ပြန့်ပွားအောင်၊ ထွန်းလင်းဝေစည်အောင် ကြိုးပမ်းဆောင်ရွက်တော်မူလျက်ရှိကြသည့် ပြည်တွင်း/ပြည်ပမှ ဆရာတော်ကြီးများနှင့် သာသနာနွယ်ဝင် သီလရှင်ဆရာကြီးများ၊ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအား ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ အားပေးချီးမြှောက်ထောက်ပံ့လှူဒါန်းလျက်ရှိကြသည့် ပြည်တွင်း/ပြည်ပမှ လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို နှစ်စဉ်မပျက် ဆက်ကပ်အပ်နှင်းချီးမြှင့်ခြင်းဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို အားပေးထောက်ပံ့လျက်ရှိပါကြောင်း။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ သြဝါဒတော်များနှင့်အညီ ဗုဒ္ဓသာသနာတော်မြတ်ကြီး ထွန်းလင်းဝေစည်အောင် စဉ်ဆက်မပြတ် ထောက်ပံ့ပူဇော်နိုင်ရန် အားစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ထူးခြားမွန်မြတ်သော ဓမ္မပူဇာကုသိုလ်တော်အဖြစ် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော်(မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ကျမ်းစာအုပ်များကို ပြည်တွင်း/ပြည်ပရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းလျက်ရှိပါကြောင်း။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် သဗ္ဗညုဘုရားရှင် ဟောညွှန်တော်မူခဲ့သည့် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟုဆိုအပ်သော သာသနာတော်သုံးရပ်၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းစွာ ထမ်းဆောင်တော်မူကြသည့် သံဃာတော်အားလုံးကို ဦးဆောင်နေရသဖြင့် နိုင်ငံတော်၏ ဗုဒ္ဓသာသနာတော်အတွက် တာဝန်ကြီးမားစွာဖြင့် ဦးဆောင်နေရသည့် သံဃာ့အဖွဲ့အစည်းကြီးဖြစ်ပါကြောင်း။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဦးဆောင်တာဝန်ယူဆောင်ရွက်နေသည့် ကာလတွင် သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် သာသနာ့တာဝန်များကို စိတ်လက်ပေါ့ပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူနိုင်ကြပါစေရန် ရည်သန်လျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့်မော်တော်ယာဉ်များကို ဆက်ကပ်အပ်နှံသွားမည်ဖြစ်ပါကြောင်းနှင့် မဟာနာယကဆရာတော်ကြီးများ ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၏ အကျိုးကို အစဉ်သယ်ပိုးထမ်းဆောင်နိုင်တော်မူကြပါစေကြောင်းဖြင့် လျှောက်ထားတင်ပြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးက သမ္မောဒနီယ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးတို့ထံသို့ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များကို အသီးသီးဆက်ကပ်အပ်နှံကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများက ဘဝတုသုံးဂါထာနှင့် သဗ္ဗီတိယောမေတ္တာပို့ဂါထာတော်များကိုရွတ်ဆို၍ မေတ္တာပြုချီးမြှင့်တော်မူကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် အောင်အိုးကိုင် ဥပါသကာများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များထားရှိသည့် သတ်မှတ်နေရာသို့ ကြိုဆိုပင့်ဆောင်ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့က နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံ ဆက်ကပ်အပ်နှံထားရှိသည့် နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များအား တစ်စီးချင်းစီအလိုက် ပရိတ်နံ့သာရည်များ ပက်ဖျန်း၍ သဒ္ဓိမင်္ဂလာဆင်ယင်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ သာသနိကအဆောက်အဦများ၊ ဟံသာသီရိကုန်းတော်ရှိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများလာရောက်စဉ် ခေတ္တသီတင်းသုံးသည့်အဆောင်များနှင့် လမ်းများအဆင့်မြှင့်တင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။