နေပြည်တော် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) အား ဖွင့်ပွဲအခမ်းအနား ပြီးဆုံးချိန်မှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပေးခဲ့ရာ သန်လျင်မြို့သို့ အသွားအပြန် ပြုလုပ်လျက်ရှိသည့် မော်တော်ယာဉ်များသည် အဆိုပါတံတားအသစ်ကြီးပေါ်မှ စည်ကားများပြားစွာဖြင့် ဖြတ်သန်းမောင်းနှင်လျက်ရှိပြီး စတင်ဖွင့်လှစ်သည့်နေ့တွင် ကားအစီးရေ ၁၂၉၈၈ စီးဖြတ်သန်းမောင်းနှင်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ကားအစီးရေ ၄၂၀၀ စီး ကျော်ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) အသုံးပြုခအား ဇွန် ၈ ရက်မှ ၁၅ ရက်အထိ အခမဲ့ဖြတ်သန်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် ၁၆ ရက်နေ့မှစတင်၍ တံတားဖြတ်သန်းခများကို မော်တော်ယာဉ်အမျိုးအစားများအလိုက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားသစ်ကြီးကို တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သံလျင်တံတားအမှတ် - ၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။