Skip to main content

မိုင်းဖြတ်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဇွန် ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပါထွန်ကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၁၆ ဦးတို့ကို နှလုံးရောဂါ၊ အရိုးအကြောဆိုင်ရာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက် မြင်းဝန်မင်းကြီးကျောင်းတိုက်ရှိ သံဃာတော် ၁၅၁ ပါးတို့ကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ ဆီးချို ရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်