Skip to main content

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့

နေပြည်တော် ဇွန် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် သားသမီး ကျောင်းသား ကျောင်း သူ ၅၈၇ ဦး ရှိကြောင်း၊ ပညာသင်ယူကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိလျက် ထူးချွန်ထက်မြက်ပြီး တိုင်းပြည်က အားကိုးအားထားပြုရမည့် သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးစားအားထုတ်ကြရန် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အထက်တန်းအဆင့် တက်ရောက်ပညာသင်ယူကြမည့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများ၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အလယ်တန်းအဆင့် တက်ရောက်ပညာသင်ယူကြမည့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ၊ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ဦးစီးဌာနအလိုက် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် တက်ရောက်ပညာသင်ယူကြမည့် ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအတွက် ကျောင်း ဝတ်စုံ၊ စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်