Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr. Iskander Azizov အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးယားပြည်နယ်တွင် ကျင်းပမည့် ဒုတိယအကြိမ် နိုင်ငံတကာဗုဒ္ဓညီလာခံ “ Traditional Buddhism and Modern Challenges”သို့ မြန်မာနိုင်ငံမှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ပါဝင်တက်ရောက်နိုင်ရေးကိစ္စ၊ ရန်ကုန်မြို့တွင် တည်ဆောက်မည့် ရုရှားအော်သိုဒေါ့စ်ခရစ်ယာန်ဘုရားကျောင်း စတင်တည်ဆောက်နိုင်ရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးမည့်ကိစ္စ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသားစာကြည့်တိုက်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်တို့အကြား ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်လက်မှတ်ရေးထိုးမည့်ကိစ္စ၊ ရှေးဟောင်းသုတေသနဆိုင်ရာပစ္စည်းများ ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည့် နည်းပညာအကူအညီများ ပေးအပ်နိုင်ရေးကိစ္စ၊ အနုပညာအစီအစဉ်များ၊ စာကြည့်တိုက်ထိန်းသိမ်းသည့် နည်းပညာဖလှယ်မှုများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စ၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အခြေတည်၍ နောင်လာမည့်အနာဂတ်ကာလများတွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်သူများ တက်ရောက်ကြသည်။

သတင်းစဉ်