နေပြည်တော် ဇွန် ၇
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဆီရမ်မြို့၌ ဇွန် ၆ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် အကြိမ်(၂၀)မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၅ ရက်က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာကြပြီး ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိကြရာ ကမ္ဘောဒီးယားနိုင်ငံ စက်မှု၊ သိပ္ပံနည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန အတွင်းဝန်၊ ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက Siem Reap မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇွန် ၆ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံစက်မှု၊ သိပ္ပံနည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီး H.E Dr. HEM Vanndy နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက် ရန်ကိစ္စရပ်များကို ဆွေးနွေးကြပြီး ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အာဆီယံဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဇွန် ၇ ရက် နံနက်ပိုင်းတွင် Sofitel Angkor Resort ၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E Mr. HUN Manet နှင့် တွေ့ဆုံပွဲသို့ အာဆီယံဝန်ကြီးများနှင့်အတူ တက်ရောက်ပြီး အာဆီယံဒေသတွင်း သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆက်လက်၍ အကြိမ်(၂၀)မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးဖွင့်ပွဲအခမ်းအနား ကျင်းပရာ အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ စက်မှု၊ သိပ္ပံ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီး H.E Dr. HEM Vanndy က ကြိုဆိုနှုတ်ခွန်းဆက်ပြောကြား ပြီး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် H.E Dr. Kao Kim Hourn က အမှာစကားပြောကြား၍ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E Mr. HUN Manet က အဖွင့် အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပရာ အလှည့်ကျဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံအလိုက် AI နည်းပညာနှင့် အနာဂတ်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက “AI Application Navigating the Future” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး လက်ရှိပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကမ္ဘာ့ယဉ်ကျေးမှုသမိုင်းဝင် အန်ကောဝပ်ဘုရားကျောင်းသို့ သွားရောက် လေ့လာခဲ့ကြောင်းနှင့် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းသည် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ BAC-16, COSTI-85 နှင့် အခြားဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်