နေပြည်တော် ဇွန် ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့သို့ ရောက်ရှိပြီး ဆီဆိုင်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ယာယီစျေးဖွင့်လှစ်ရောင်းချနေမှု၊ ဆီဆိုင်မြို့ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု၊ ဆီဆိုင်မြို့ ပြည်သူ့ဆေးရုံ ပြုပြင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး ဆီဆိုင်မြို့ ဇဝနရာမကျောင်းတိုက်သို့ သွားရောက်ကာ ဆီဆိုင်မြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ပြန်လည်ရောက်ရှိ နေထိုင်လျက်ရှိကြသော ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သော တစ်လစာဆန်ရိက္ခာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်းများ၊ ငါးသေတ္တာဘူးနှင့် ခေါက်ဆွဲခြောက်များ၊ သေဆုံးသူနှင့် ဒဏ်ရာရသူများအတွက် ထောက်ပံ့ကြေးငွေများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်သုံးနှစ်အထိ ကလေးငယ်များ၊ အသက် ၇၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ မသန်စွမ်းသူများ စသည့်ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၂၉၂၃ ဒသမ ၄ သိန်းတန်ဖိုးရှိ ငွေနှင့် ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဆီဆိုင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား မိသားစုများအတွက် ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ငါးသေတ္တာ အစရှိသည့် စားသောက်ကုန်များ၊ ထိခိုက်ပျက်စီးခဲ့သော မဲနယ်တောင်တန်း ဒေသကျေးရွာများ လျှပ်စစ်မီးရရှိရေး၊ ဆီဆိုင်မြို့ ရေပေးဝေရေးလုပ်ငန်းများ၊ ယာယီစျေးပြန်လည် တည်ဆောက်ရန်နှင့် ထိခိုက်ပျက်စီးခဲ့သော လူနေအိမ်များ ပြုပြင်ရန်အတွက် ပြည်နယ်အစိုးရ အဖွဲ့၏ ထောက်ပံ့ငွေကျပ် ၇၀၅၅ ဒသမ ၅၈ သိန်းတို့ကို တာဝန်ရှိသူများနှင့် ဘေးသင့်ပြည်သူများသို့ ပေးအပ်ထောက်ပံ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဆီဆိုင်မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ပျက်စီးသွားသော လူနေအိမ် ၆၃၇ လုံး ပြုပြင်ရန်အတွက် ပျက်စီးမှုအပေါ်မူတည်ကာ အုပ်စုခွဲခြား၍ နယ်စပ်ရေးရာဝန်ကြီးဌာနက ပထမအကြိမ် ကနဦးထောက်ပံ့ငွေကျပ်သိန်း ၄၆၀၊ ဒုတိယအကြိမ် ထောက်ပံ့ငွေကျပ် ၃၉၆၁ သိန်း စုစုပေါင်းငွေကျပ် ၄၄၂၁ သိန်းကို ဒေသဦးစီးအဖွဲ့နှင့် တာဝန်ရှိသူများသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားကြပြီး လိုအပ်သည်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်