နေပြည်တော် ဇွန် ၆
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ကျင်းပမည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကိုယ်စားပြု သတ်မှတ်အသုံးပြုမည့် အထိမ်းအမှတ်တံဆိပ် (Logo) ပြိုင်ပွဲကို ဇွန် ၁၃ ရက်မှ ဇူလိုင် ၁၂ ရက်အတွင်း ကျင်းပမည်ဖြစ်သည်။
အထိမ်းအမှတ်တံဆိပ် (Logo) တွင်ပါဝင်ရမည့် အချက်များအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပမည်ဆိုသည့် အဓိပ္ပာယ်၊ ကျင်းပသည့် အကြိမ်အရေအတွက်နှင့် ပါဝင်ယှဉ်ပြိုင်မည့်ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ကိုယ်စားပြုသော အဓိပ္ပာယ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်အထိမ်းအမှတ် ပြာ၊ ဝါ၊ နက်၊ စိမ်း၊ နီအရောင်ပါကွင်း ငါးကွင်း၊ အားကစားသမားအချင်းချင်း၊ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများအကြား ချစ်ကြည် ရင်းနှီးမှုသဘောဆောင်သည့် ရေးဆွဲချက်၊ မိမိနိုင်ငံရှိထင်ရှားသော အထိမ်းအမှတ်အဆောက်အအုံများကိုဖော်ညွှန်းသည့် အဓိပ္ပာယ်ပါသော ရေးဆွဲချက်၊ မိမိရေးဆွဲယှဉ်ပြိုင်သည့် ပန်းချီသို့မဟုတ် Graphic Design တွင် ရေးဆွဲထားသောအကြောင်းအရာနှင့် အသုံးပြုထားသောအရောင်တို့၏ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်များ ပါရှိရမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲသို့ မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ယခင်က ကျင်းပခဲ့သည့် အမျိုးသားအားကစားပွဲတော်တွင် အသုံးပြုခဲ့သည့် Logo အစား ယခုပြိုင်ပွဲတွင် ရွေးချယ်ခြင်းခံရသည့် Logo ကို ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အသုံးပြုသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ရွေးချယ်ခြင်းခံရပါက ဆုကြေးငွေအဖြစ် ငွေကျပ် ၂၅ သိန်းကို ချီးမြှင့်ပေးသွားမည်ဖြစ်ကာ ရွေးချယ်ခြင်းခံရသူကို နေ့စဉ်ထုတ်သတင်းစာများတွင်ကြော်ငြာ၍ ဆုချီးမြှင့်ပွဲကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော Logo ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ မူပိုင်အဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်