Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (သုဝဏ္ဏ) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) တို့ စတင်ဖွင့်လှစ်မှု ကြည့်ရှု

နေပြည်တော် ဇွန် ၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၄ ရက် နံနက်ပိုင်းက ရန်ကုန်ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ) သို့ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ အတန်းတက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်သူ့အကျိုးပြု စက်မှုကျွမ်းကျင် လုပ်သားများ၊ နည်းပညာရှင်များဖြစ်စေရေး ရည်မှန်းချက်ထား၍ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်မှုသင်တန်း ကျောင်းသားကျောင်းသူများထံ ပုံနှိပ်စာအုပ်များနှင့် ပုံဆွဲသုံးပစ္စည်းများကို ပေးအပ်ချီးမြှင့်ပြီး လက်တွေ့သုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှု၊ ပုံဆွဲခန်းနှင့် ကွန်ပျူတာခန်း ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်သူများကို အမှန်တကယ် အလုပ်အကျွေးပြုနိုင်သည့် စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရေးတို့ကို အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားကာ ကျောင်းအုပ်ကြီးထံ ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများရှိ လက်တွေ့ခန်းများနှင့် အလုပ်ရုံများတွင် လက်တွေ့လုပ်ငန်းများကို စိတ်ဝင်စားတက်ကြွစွာ လေ့ကျင့်လျက်ရှိကြသော ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်သည်များ မှာကြားကာ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီးဆရာ၊ ကျောင်းသားများစာဖတ်ရှိန် မြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်ယဉ်ကျေးမှုဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်သွား ရန်မှာကြားပြီး အားကစားသုံးပစ္စည်းများ ဖြည့်ဆည်းထားမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်