Skip to main content

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၄)နှစ်ပြည့် အထိမ်းအမှတ် ပညာသင်ကြားရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၆

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်ပညာ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် တတိယတန်းကျောင်းသား ကျောင်းသူများက တောင်ယာဝင်ချိန်သီချင်း နှင့် ကောက်စိုက်ချိန်သီချင်းတို့ဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က အမှာစကား ပြောကြား ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်ခု၏ အရေးအကြီးဆုံးအပိုင်း တစ်ခုဖြစ်သည့် ပညာရေးကဏ္ဍကို ကောင်းသည်ထက်ကောင်းအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်နေခြင်းကို သိမြင်ပြီး မိတ်ဆွေနိုင်ငံပီသစွာ ကူညီဆောင်ရွက်ပေးခြင်းအတွက် အသိအမှတ်ပြုပါကြောင်းနှင့် သံတမန်ဆက်ဆံရေး ထူထောင် ခြင်း (၇၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပြည်သူများ အကြား ဆက်ဆံမှုတွင် မြန်မာ - တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးအဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းတို့က လှူဒါန်းပစ္စည်းများကိုပေးအပ်ပြီး တရုတ်နိုင်ငံကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံးမှ Country Director Ms. Lin Yuan က စားရေရိက္ခာထုပ်များ ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဆဋ္ဌမတန်းကျောင်းသူ မဂျူးသိမ့်နဒီက ကျေးဇူးတင်စကား ပြောကြား၍ ကပြဖျော်ဖြေခဲ့ကြသော ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူများ ပန်းချီဆွဲနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

သတင်းစဉ်